ပုသိမ်ကြီး မတ် ၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရွှေစာရံကျေးရွာရှိ ရွှေစာရံဘုရားကြီးတွင် ယခုနှစ် (၇၇) ကြိမ်မြောက် အထိမ်းအမှတ် သစ္စာအဓိဋ္ဌာန်ရွှေစာရံဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည် ကားလျက်ရှိသည်။
ရွှေစာရံစေတီတော်၏ အလင်္ကာအရ အရှေ့ရွှေစာရံ၊ ပုဂံ အနောက်၊ တောင်မြောက် ရင်မျှော်သီဟတော ဆိုပြီး မော်ကွန်းတင်ကာ၊ ကျော်လေးဆူစာရင်းဝင်ထားတဲ့ စေတီတော်ကြီးပင်ဖြစ်ပြီး၊ မြွေကိုက်ခံရသူ ဘုရားရောက်ရင် မြွေဆိပ်ပြေခြင်း၊ ဆွမ်းဦးတင်မည့်သူ အမြဲရှိခြင်း၊ ဆုတောင်းပြည့်ခြင်း စသည့် အံ့ဩဖွယ်ရာများဖြင့် ပြည့်စုံသောကြောင့် ထင်ရှားကျော်ကြားသည်။ အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် ဘုရားဖူးပြည်သူများ လာရောက်၍ အထူးစည်ကားလှသည့် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးပင်ဖြစ်ကြောင်း၊ ဒီနှစ်က တပေါင်းလဆန်းပိုင်းထဲက ထူးထူးခြားခြား စည်ကားလျက်ရှိကြောင်း အဆိုပါပွဲတော် နှစ်စဥ်ဈေးရောင်းချသည့် မမကြီး ဆိုသူထံမှ သိရသည်။
ဘုရားဖူးလာရောက်သူများအနေဖြင့် လည်ပတ်စရာ ဈေးတန်းများအပြင်၊ ဒုဋ္ဌဝတီမြစ်တွင် ရေကစားခြင်း၊ အပျော်စီးစက်လှေစီးခြင်းတို့ကို ပြုလုပ်နိုင်ပြီး၊ ဈေးတန်းတွင်လည်း ဗမာမုန့်အမျိုးမျိုး၊ ရှမ်းပြည်နယ်ဒေသထွက်ကုန်များဖြစ်သည့် ဆေးဖက်ဝင်ပစ္စည်းများနှင့် ဒေသအစား အစာများပါ နှစ်စဥ်ရောင်းချလျက်ရှိသည်။ ရွှေစာရံလို့ ပြောလိုက်ယုံဖြင့် မပါမဖြစ် ထန်းရွက်ပုတီး၊ ထန်းလက်ငါး၊ ဝါးဓား၊ ဝါးလက်ခုတ်၊ ဝါးသေနတ်၊ ခမောက်၊ အလှလွယ်ပလိုင်း စသည့် လက်မှုပစ္စည်းများအပြင် အမှတ်တရပစ္စည်းများကို ရောင်းချလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)