အောင်လံမြို့နယ်လုံးဆိုင်ရာ ပရိပတ္တိသာသနပါလအသင်းကြီး၏ (၂၂)ကြိမ်မြောက် စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနား ကျင်းပ

အောင်လံ မတ် ၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောင်လံမြို့နယ်လုံးဆိုင်ရာ ပရိပတ္တိသာသနပါလအသင်းကြီး၏ (၂၂)ကြိမ်မြောက် ကျင်းပပြုလုပ်သော ရေး/ဖြေစာမေးပွဲ စာအောင်ဆုနှင့် အောင်လက်မှတ်ဆက်ကပ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက အောင်လံမြို့၊ ကျောင်းစုရပ်၊ အေးစေတီဘုရားတန်စောင်းတော်ကြီးအတွင်း အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နမောတဿ (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး မြို့နယ်လုံးဆိုင်ရာအသင်းကြီး၏ ဥက္ကဋ္ဌဖြစ်တော်မူသော မြဝတီကျောင်းတိုက်၊ ပဓာနနာယကဆရာတော် ဘန္ဒန္တသီရီထံမှ ငါးပါးသီလခံယူတော်မူခဲ့ကြသည်။ ထို့နောက် အသင်း၏ဥက္ကဋ္ဌ ဦးဟန်ဌေးမှ အသင်းဆောင်ရွက်ချက်များကို အသေးစိတ် ရှင်းလင်းပြောကြားပေးခဲ့သည်။

ဆက်လက်၍ (၂၂)ကြိမ်မြောက် စာမေးပွဲကြီးတွင် အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်ခဲ့ပြီး ပင့်သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် ဆရာတော် ဦးသုမနထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချတရားနာကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတုရွတ်ဆိုပူဇော်၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)