မုံရွာ မတ် ၇
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင်တန်း (၁/၂၀၂၅)ဖွင့်ပွဲအခမ်းအနားကို မတ်လ ၆ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်ဆိုသည် အကြောင်းအရာပေါင်းများစွာ၊ ပညာရပ်ပေါင်းများစွာပါရှိသည့် စာအုပ်စာစောင်များ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့သာမက စာအုပ်မဟုတ်သည့် အခြားလေ့လာစရာများအား စနစ်တကျစုစည်းထားရှိသည့် နေရာတစ်ခုဖြစ်ပါကြောင်း၊ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်များ၏အား၊ စာကြည့်တိုက်ကော်မတီဝင်များ၏အား၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများ၏အားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏အားဆိုသည့် အားလေးအားသည်လည်း အဓိကကျသကဲ့သို့ ဗဟုသုတများစွာပေးစွမ်းနိုင်သည့် စာကြည့်တိုက်များ စနစ်တကျလည်ပတ်နိုင်ရန်အတွက် စာကြည့်တိုက်မှူးများသည် အရေးကြီးပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပထမဆုံးအကြိမ်အဖြစ် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲအား မုံရွာမြို့တွင်ကျင်းပနေခြင်းဖြစ်ပြီး စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာ၊ ကလေး၊ ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များတွင်လည်း ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ တက်ရောက်ကြမည့်ဌာန၊ ကျောင်း၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူးများသည် စာကြည့်တိုက်၏ အဓိကအခန်းကဏ္ဍကနေ ဆောင်ရွက်ရမည့်သူများ ဖြစ်သည့်အတွက် သင်တန်းမှသင်ကြားပို့ချမည့် ဘာသာရပ်များအား စိတ်ပါဝင်စားစွာ သင်ယူမှတ်သားသွားကြရန်နှင့် မိမိတို့စာကြည့်တိုက်များအတွက် လက်တွေ့အသုံးချသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အခြေခံစာကြည့်တိုက်ပညာသင်တန်းအတွက် ငွေကျပ် ၃၃၆၂၅၀၀ (သုံးဆယ်သုံးသိန်း ခြောက်သောင်းနှစ်ထောင့်ငါးရာ) ကျပ်အား တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးထံ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအားရင်း ရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ အခြေခံစာကြည့်တိုက်ပညာ သင်တန်း (၁/၂၀၂၅) သို့ ဌာနဆိုင်ရာ၊ ကျောင်း၊ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူး ၂၀ ဦး တက်ရောက်သွားမည်ဖြစ်ပြီး မတ်လ ၆ ရက် နေ့မှ ၁၀ ရက်နေ့အထိသင်တန်းကာလ ၅ ရက်ကြာ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ သက်မှတ်ကျောင်းဆောင်များတွင် Grade-5 သိပ္ပံဘာသာရပ်၊ Grade-9 ပထဝီဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲများဖြေဆိုနေချိန်ကာ လအတွင်း လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရေး၊ ပတ်ဝန်းကျင်ဆူညံမှုမရှိစေရေး၊ အဖြေလွှာများစနစ်တကျသိမ်းဆည်းရေး၊ ကျောင်းသား၊ကျောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးထားရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအသိ၊ သတိတို့ဖြင့် လုပ်ငန်းများဆောင်ရွက်သွားရေးတို့အား တာဝန်ရှိသူများအားမှာကြားကာ လိုအပ်သည်များ ကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)