ပွင့်ဖြူ မတ် ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် မြို့ပြသန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ ယမန်နေ့က ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းမီးတိုင်များ လျှပ်စစ်မီးသီးလဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအဖွဲ့က မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများနှင့်အတူ ပွင့်ဖြူမြို့ ဗိုလ်ချုပ်လမ်းတစ်လျှောက်ရှိ လျှပ်စစ်လမ်းမီးတိုင်များတွင် သဘာဝဘေးအန္တရာယ်ကြောင့် မီးမလင်းတော့သည့် လျှပ်စစ်မီးသီးများကို ဖြုတ်သိမ်း၍ LED မီးသီးများဖြင့် အသစ်လဲလှယ်တပ်ဆင်ခြင်း၊ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်အားလိုင်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့ပြနှင့် ကျေးလက်ဒေသတစ်ခွင် စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးအတွက် သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ ပလတ်စတစ်အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး အသိပညာပေးခြင်း၊ မြို့ပတ်ဝန်းကျင် စွန့်ပစ် ပလတ်စတစ်ကြွပ်ကြွပ်အိတ်အမှိုက်များ လိုက်လံကောက်ယူရှင်းလင်းခြင်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ယခုကဲ့သို့ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်နှင့် ညပိုင်း အဆင်ပြေစွာ သွားလာစေနိုင်ရန် လျှပ်စစ်မီးလိုင်းများ ပြုပြင်ထိန်းသိမ်းခြင်းနှင့် လျှပ်စစ်မီးသီးများ အသစ်လဲလှယ်တပ်ဆင်ခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)