ငပုတော ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဆင်ကူးကြီးကျေးရွာတွင် ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က အင်ဗာတာမှတစ်ဆင့် ဝါယာရှော့ခ် ဖြစ်ပေါက်ကွဲပြီး မီးလောင်ရာမှ နေအိမ် ၁၈ လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နေအိမ်ရှိ အင်ဗာတာမှတစ်ဆင့် ဝါယာရှော့ခ်ဖြစ်ပြီး ပေါက်ကွဲရာ အနီးရှိ ဓာတ်ဆီ(၁၀) ဂါလန်ခန့် ထည့်ထားသော ပလပ်စတစ်ပုံးအား မီးစွဲလောင်ကျွမ်းခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ငပုတောမြို့မ စခန်းမှူးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး၊ ကျုံကူးကျေးရွာ မီးသတ်စခန်းမှ မီးသတ်ယာဉ်နှင့် တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၅ နာရီ ၅၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် လူနေအိမ် (၁၈)လုံး၊ ပစ္စည်းဂိုဒေါင်(၂)လုံး၊ စပါးကျီ (စပါးမရှိ) (၃)လုံးတို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနှင့်ပတ်သက်၍ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ မီးအားပေါ့ဆစွာ အသုံးပြုသူအား အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ထားလျက်ရှိပြီး မီးဘေးသင့်အိမ်ထောင်စုဝင်များအား ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် ပြောင်းရွှေ့နေရာ ချထားပေးကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)