မြန်အောင်၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

မြန်အောင် မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၌ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်က အောင်ဇေယျအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စစ်ကြောင်းမှူးဦးဆောင်၍ သင်တန်းသား၊ သင်တန်းသူများက အလေးပြုခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းက လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံဂုဏ်ဆောင်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် တာဝန်ရှိသူများက အားကစားအထောက်အကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

နွေရာသီ(အခမဲ့)အခြေခံအားကစားသင်တန်းများအဖြစ် အမျိုးသား၊ အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပြစ်၊ မြန်မာ့သိုင်း၊ စားပွဲတင်နစ်နှင့် ကြက်တောင်သင်တန်း (၇) မျိုးကို နံနက် ၈ နာရီမှ ညနေ (၅)နာရီခွဲအထိ နေ့စဉ်ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ (၂၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းကာလမှာ ၅-၃-၂၀၂၅ ရက်နေ့မှ ၅-၄-၂၀၂၅ ရက်နေ့အထိ ဘာသာရပ်အလိုက် စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ဝင်းဗိုလ်(ပြန်/ဆက်)