ပေါင်းတည် မတ် ၆
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ပေါင်းတည်မြို့နယ်၌ ဆောင်းရာသီစိုက်ပျိုးသီးနှံမတ်ပဲကို ၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၌ ၄၂၀၇၈ ဧက စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး ယခုအခါတောင်သူများသည် မတ်ပဲများကို ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစ၍ ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း သိရသည်။
ဒေသတွင်း၌ တောင်သူများသည် မိုးစပါးရိတ်သိမ်းပြီးနောက် အောက်တိုဘာလတွင် မတ်ပဲစတင်စိုက်ပျိုးလေ့ရှိပြီး TBL-9 မျိုး ဒေသအခေါ် စာပါးစပ်မျိုးနှင့် ပဲကန်စွန်းမျိုးများကို စိုက်ပျိုးလေ့ရှိကြောင်း၊ တောင်သူတို့သည်မိမိတို့ စိုက်ပျိုးမြေနှင့် သင့်လျော်သည့် ပဲမျိုးစေ့ကို တစ်ဧကလျှင် မျိုးစေ့ ၆ ပြည် ၇ ပြည်ခန့်ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြရာ တစ်ဧကသွင်းအားစုငွေကျပ် ခုနစ်သိန်းခန့်ကုန်ကျကြကြောင်း တောင်သူများထံမှ သိရသည်။
ယခုအခါ မတ်ပဲများ ခြွေလှေ့နေကြပြီး တစ်ဧကလျှင် ပျှမ်းမျှ ၁၄ တင်းမှ ၁၈ တင်းခန့် ထွက်ရှိနိုင်ကြောင်း စံပြစိုက်ခင်းများ၌ တစ်ဧကလျှင် တင်း ၃၀ ဝန်းကျင်ထွက်ရှိကြကြောင်း သိရပြီး ငွေကြေးလိုအပ်သူ တောင်သူများအနေဖြင့် ပဲပေါ်စစျေးဦးပေါက်စျေး တစ်တင်းလျှင် ငွေကျပ် ၉၅၀၀၀ နှုန်းဖြင့် ဝယ်ယူလျက်ရှိသည့် ဒေသခံပွဲရုံများသို့ ရောင်းချနေကြပြီဖြစ်ကြောင်း သိရသည်။
ရွှေသား