ဒေးဒရဲမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ နွေရာသီအခြေခံ အားကစားသင်တန်းများ ဖွင့်လှစ်ပေးသွားမည်

ဒေးဒရဲ မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်း ထူးချွန်ထက်မြက်သော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ပေါ်ထွန်းလာစေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန်ရည်ရွယ်၍ နွေရာသီအားကစား အခြေခံအားကစားနည်းများကို အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရန်နှင့် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ အခြေခံအားကစားသင်တန်းများအဖြစ် ဘောလုံး၊ ဘော်လီဘော၊ မြန်မာ့ရိုးရာသိုင်း၊ လက်ဝှေ့၊ စားပွဲတင်တင်းနစ်၊ ကြက်တောင်စသည့် သင်တန်းများကို ၂၀၂၄ခုနှစ် မတ်လ (၅) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ မြို့နယ်ပြည်သူ့အားကစားကွင်းသစ်ကြီးနှင့် မြို့နယ်အားကစားခန်းမတို့တွင် အားကစားသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းတက်ရောက်လိုသူများအနေဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနရုံးတွင် ဆက်သွယ်စာရင်းပေးသွင်း၍ အခမဲ့သင်တန်းတက်ရောက်နိုင်ကြောင်းသိရသည်။

အေဇာလင်း