တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် သဘောတူစာချုပ်နှင့်သက်တမ်းတိုးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ တက်ရောက်

ထားဝယ် မတ် ၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှုကုမ္ပဏီလီမိတက်တို့အကြား ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပဲဒက်ကျေးရွာ ဓာတ်အားခွဲရုံမှ ပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင် ရွက်ရန် သဘောတူစာချုပ်နှင့် သက်တမ်းတိုးသဘောတူစာချုပ်အား လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို  ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအတွင်း နေရာဒေသအချို့တွင် လျှပ်စစ်ဓာတ်အား ရရှိရေးအတွက်ကို လျှပ်စစ်ဓာတ်အားဆောင်ရွက်သူနှင့်အစိုးရအဖွဲ့အကြား စာချုပ်ချုပ်ဆိုသောအခမ်းအနားဖြစ်ကြောင်း၊ တိုင်းဒေသကြီးသို့ မဟာဓာတ်အားလိုင်း မရောက်ခင်အကြားတွင် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် တိုင်းဒေသကြီးအစီ အစဉ်ဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၃ ခုနှစ် ကစ၍ ၁၀ နှစ်ကျော် ကြိုးစားဆောင်ရွက်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ကြောင်း၊  လျှပ်စစ်ဓာတ်အားအနေဖြင့် ခရိုင်အလိုက် ခရိုင် Grid ဖွဲ့ပြီး ခရိုင် ၂ ခုအား ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ် ၄ မြို့နယ်အတွက် Grid (၁) ခုကို လျှပ်စစ်ဓာတ်အား တစ်ပြိုင်တည်း လုံလောက်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အားကို  ဒီဇယ်ဖြင့် ဆောင်ရွက်ပေးနေရသောကြောင့် ဈေးနှုန်းအမျိုးအမျိုးရှိသော်လည်း လျှပ်စစ် ဓာတ်အားကို ၂၄ နာရီ အားအပြည့်ဖြင့် လိုအပ်သည့်နေရာများတွင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ တိုင်းဒေသကြီး၏ ရည်မှန်းချက်အနေဖြင့် လျှပ်စစ်ဓာတ်အားခ ယူနစ်ဈေးနှုန်းကျဆင်းအောင် အဓိကထားဆောင်ရွက်လျက်ရှိကြောင်း၊ ဖောင်းတောရေအား လျှပ်စစ်ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ်နှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ယူနစ်ဈေးနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း၊ အလားတူပင် ကော့သောင်းတွင် လျှပ်စစ်စွမ်းအားဆိုလာဖြင့် ၁၀ မဂ္ဂါဝပ် ဆောင်ရွက်ပြီးစီးနေပြီးဖြစ်ကာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည်ဆိုပါက အတိုင်းအတာတစ်ခုအထိ ဈေးနှုန်းကျဆင်းနိုင်သလို ပိုလျံနေသော လျှပ်စစ်ဓာတ်အားကို အအေးခန်း၊ ရေခဲစက်အပါအဝင် အခြားစက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည်များရှိကြောင်း၊ မြိတ်တွင် ၂၀ မဂ္ဂါဝပ် ၃၀ မဂ္ဂါဝပ် ဆောင်ရွက်ရန် လျာထားပြီး ရရှိလာပါက  အိမ်သုံးမီးများအပါအဝင် ဈေးနှုန်းများကျဆင်းနိုင်သလို  စက်မှုလက်မှု လုပ်ငန်းတွင် လိုအပ်သောလျှပ်စစ်ဓာတ်အားကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ဘုတ်ပြင်းတွင် မကြာခင်ကာလအတွင်း ပုဇွန်ကန်နှင့်အအေးခန်းတည်ဆောက်ပြီးပါက လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်လာမည်ဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးတွင် တန်ဖိုးရှိသော ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တွင် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဆိုပါက တိုင်းဒေသကြီးတွင် လျှပ်စစ်မီးအလုံအလောက်ရရှိမည်ဖြစ်ပြီး ယူနစ်ဈေးနှုန်းကျဆင်းလာမည်ဖြစ်ကြောင်း၊ စက်မှုလက်မှုလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြို့နယ်များတွင် လျှပ်စစ်မီးအပြည့်အဝရရှိရေး၊ ယူနစ်ဈေးနှုန်းကျဆင်းရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်က ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဖိုးသီးချိုလျှပ်စစ်ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်တို့အကြား ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပဲဒက်ကျေးရွာဓာတ်အားခွဲရုံမှ ပတ်ဝန်းကျင်ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်ရန် သဘောတူစာချုပ်နှင့်သက်တမ်းတိုး သဘောတူစာချုပ်အား လက်မှတ်ရေးထိုးကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)