ပွင့်ဖြူမြို့နယ်၌ ဆောင်းကြက်သွန်နီစိုက်ခင်းများ စတင်သိမ်းဆည်းနေပြီးဖြစ်ပြီး တစ်ဧက ကြက်သွန်နီပိဿာချိန် ၅၀၀၀ ကျော်ထွက်ရှိ

ပွင့်ဖြူ မတ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းရာသီက စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများကို ဒေသခံတောင်သူများက နွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလကစပြီး နုတ်သိမ်းလျက်ရှိရာ ယနေ့ထိ ဧက ၃၀၀ ကျော် နုတ်သိမ်းပြီးစီးပြီဖြစ်ကာ အထွက်နှုန်းအနေဖြင့် တစ်ဧက ကြက်သွန်နီပိဿာချိန် ၅၀၀၀ ကျော်ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးအတွက် ကြက်သွန်နီ ၁၁၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရကာ အဆိုပါ ကြက်သွန်နီစိုက်ခင်းများကို ဒေသခံတောင်သူများ နွေသီးနှံ ပြန်လည်စိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီလမှ စတင်နုတ်သိမ်းခဲ့ရာ ယနေ့ထိ ဧက ၃၁၀ နုတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။  

“ဆောင်းသီးနှံရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း စားနပ်ရိက္ခာဖူလုံစေဖို့နဲ့ တောင်သူတွေ သီးနှံဝင်ငွေတိုးပွားစေဖို့ ရည်ရွယ်ပြီး ကြက်သွန်နီ ၁၁၄၈ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ စိုက်ပျိုးရေ ဖူလုံတဲ့အတွက် ကြက်သွန်နီစိုက်ခင်းတွေ အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်။ အဲဒီ ကြက်သွန်နီစိုက်ခင်းများကို ဒေသခံတောင်သူတွေ နွေသီးနှံပြန်လည်စိုက်ပျိုးဖို့အတွက် ဖေဖော်ဝါရီလမှစပြီး နုတ်သိမ်းဆောင်ရွက်လျက်ရှိရာ ဒီနေ့ထိ စိုက်ဧက ၃၀၀ ကျော် နုတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ကြက်သွန်နီပိဿာချိန် ၅၃၁၀ ပိဿာ ထွက်ရှိပါတယ်။ ဒီနှစ်က ကြက်သွန်နီဈေးလည်းကောင်းတာကြောင့် ဒေသတွင်းက ကြက်သွန်စိုက်ပျိုးတောင်သူတွေ အဆင်ပြေကြတယ်။ ကြက်သွန်နီ သိမ်းဆည်းတာနဲ့ပတ်သက်ပြီး အထွက်နှုန်းလျော့နည်းမှုမဖြစ်အောင် အချိန်မီနုတ်သိမ်းကြဖို့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကြက်သွန်နီ ၁၁၂၄ ဧက စိုက်ပျိုးရန်လျာထားပြီး ၁၁၄၈ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရပြီး စိုက်ပျိုးရေးဦးစီးဌာနက ဒေသတွင်းရှိ ကြက်သွန်စိုက်ပျိုးတောင်သူများကို အထွက်နှုန်းများ တိုးတက်စေရန်နှင့် အရည်အသွေး ပြည့်ဝသော သီးနှံများ ထွက်ရှိရေး အတွက် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စားသုံးသူများ အစားအစာဘေးကင်းလုံခြုံစေရန် အော်ဂဲနစ်စိုက်ပျိုးရေးနည်းစနစ်များနှင့်အညီ စိုက်ပျိုးရေ၊ ပိုးမွှားရောဂါ ကင်းရှင်းရေး၊ သဘာဝမြေဩဇာနှင့် သဘောဝဆေးများ ပြုလုပ်သုံးစွဲရေး စသည့် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မဲဇလီကျေးရွာ၊ ဆည်တော်ကျေးရွာ၊ ကြူဝန်းကျေးရွာ၊ အနောက်လေးအိမ်ကျေးရွာ၊ ထန်းတောကျေးရွာ၊ ညောင်ပင်ဝိုင်းကျေးရွာ၊ ထူးပေါက်ကျေးရွာ၊ ကျွဲခြံကျေးရွာ၊ လယ်မကျေးရွာနှင့် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ အဆိုပါ ကျေးရွာများရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားရေးအတွက် ကြက်သွန်နီစိုက်ပျိုးရေးလုပ်ငန်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် ပိုမိုစိုက်ပျိုးလုပ်ကိုင်ကြကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)