တစ်ပိုင်တစ်နိုင် ပိန္နဲသီးနှံ စိုက်ပျိုးတောင်သူများ ပေါ်ဦးပေါ်စ ပိန္နဲသီးနုများကို ဟင်းလျာအမယ်အဖြစ် ဆွတ်ခူးရောင်းချခြင်းဖြင့် ဝင်ငွေရရှိ

ပွင့်ဖြူ မတ် ၆ 

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေ တိုးပွားရေးအတွက် မြေအောက်ရေဖြင့် နှစ်ရှည်သီးနှံဖြစ်သည့် ပိန္နဲသီးပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြပြီး အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရကာ ယခုလို ပိန္နဲသီးပင်များ အသီးသီးချိန်တွင် ပေါ်ဦးပေါ်စ မိမိတို့ဒေသရှိ ဈေးများသို့ သွားရောက်ကာ ပိန္နဲသီးများကို ဟင်းလျာမယ်အဖြစ် ဆွတ်ခူးရောင်းချခြင်းဖြင့် ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေနေကြကြောင်း သိရသည်။

“ကျွန်တော်တို့ဒေသက စိုက်ပျိုးရေအဆင်ပြေတဲ့အတွက် ဒေသခံပြည်သူအများစုက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြပါတယ်။ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင် အချို့တောင်သူတွေက တစ်ဖက်တစ်လမ်းက မိသားစုအပိုဝင်ငွေ ရရှိဖို့အတွက် မြေအောက်ရေနဲ့ ပိန္နဲ၊ သရက်၊ သနပ်ခါး၊ လျှော်ဖြူ၊ မန်ဂျန်ရှား စတဲ့ နှစ်ရှည်သီးနှံများကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်ကြတယ်။ ဒီရာသီက ပိန္နဲသီးနဲ့ သရက်သီးများ အသီးသီးတဲ့ အချိန်ဖြစ်ပါတယ်။ ပိန္နဲသီးပင်နဲ့ သရက်ပင်တွေ အသီးသီးချိန်မှာ ပေါ်ဦးပေါ်စ ဟင်းလျာမယ်အဖြစ် ဆွတ်ခူးရောင်းချသူတွေ ရောင်းအားကောင်းပြီး ဝင်ငွေရရှိ နေကြတယ်။ ပိန္နဲသီးနုက ဟင်းချက်စားရင် အရသာလဲကောင်းတော့ ရာသီစာအဖြစ် ပြည်သူတွေက ဝယ်ယူချက်ပြုတ်စားကြတယ်။ လက်ရှိမှာ ပိန္နဲသီးနု တစ်ပိဿာကို ငွေကျပ် (၇၂၀၀) ရောင်းချရပါတယ်။ သရက်သီးကတော့ အလုံး အကြီးအသေးပေါ်မူတည်ပြီး တစ်လုံးကို ငွေကျပ် (၁၀၀၊ ၁၅၀) ရောင်းချရပါတယ်။ ပိန္နဲသီးမှည့်၊ သရက်သီးမှည့် ပေါ်ချိန်ရောက်ရင်လည်း ရောင်းချရအုံးမှာဖြစ်လို့ နှစ်ရှည်သီးနှံများထဲမှာ ပိန္နဲသီးနဲ့ သရက်သီးပင် စိုက်ပျိုးရေးလုပ်ငန်းဟာ စီးပွားရေး တွက်ခြေကိုက်တဲ့အတွက် စိုက်ပျိုးလုပ်ကိုင်သင့်ပါတယ်ဟု ပွင့်ဖြူမြို့နယ် ရွာသစ်ကျေးရွာမှ ဒေသခံတောင်သူ တစ်ဦးက ပြောသည်။ 

ပွင့်ဖြူမြို့နယ်ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိက စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် စပါး၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ နေကြာ၊ ဖူးစားပြောင်း သီးနှံနှင့် ဟင်းသီးဟင်းရွက်စားပင် သီးနှံမျိုးစုံတို့ကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ အချို့တောင်သူများမှာ သီးနှံဝင်ငွေ တိုးပွားစေရန် ဆိုလာစနစ်အသုံးပြုပြီး မြေအောက်ရေဖြင့် ပိန္နဲ၊ သရက်၊ သနပ်ခါး၊ မန်ဂျန်ရှား၊ လျှော်ဖြူ စသည့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ စိုက်ပျိုးသည့်သီးနှံများမှာ စိုက်ပျိုးရေနှင့် စိုက်ပျိုးမြေ ကောင်းမွန်မှုကြောင့် အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )