ပခုက္ကူ မတ် ၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းဦးကျေးရွာတွင် တစ်ပိုင်တစ်နိုင်ဂန္ဓမာပန်း စိုက်ပျိုးသူများ နှစ်စဉ်မိသားစု အပိုဝင်ငွေရရှိကြကြောင်း သိရသည်။
ဂန္ဓမာရောင်စုံပန်းစိုက်ခင်း တစ်ဧကစိုက်ပျိုးထားပြီး နှစ်စဉ်စက်တင်ဘာလမှစတင်ကာ မျိုးစေ့ချပျိုးထောင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်နှစ်က စိုက်ပျိုးထွက်ရှိသည့် ဂန္ဓမာပန်းမျိုးများကို ပြန်လည်စိုက်ပျိုးထားခြင်းဖြစ်ပြီး စိုက်ပျိုးထားသော ပျိုးပင်များကို ပေါင်းနုတ်၊ မြေဩဇာကျွေးခြင်း၊ နေ့စဉ်ရေလောင်းပေးခြင်း၊ ဖူးပွင့်စပန်းအပွင့်များ ပိုးမကိုက်စေရန် ပိုးကောင်လေးများ ဖယ်ရှားရှင်းလင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဂရုတစိုက်ဆောင်ရွက်ပေးရကြောင်း၊ ဂန္ဓမာပန်းပင်များမှာ မြေပွပြီးသဲနုဆန်သော မြေအမျိုးအစားကို ပိုမိုနှစ်သက်ကာ အထွက်နှုန်းလည်း ကောင်းမွန်လျက်ရှိကြောင်း၊ စိုက်ပျိုးပြီးချိန် သုံလခန့်အကြာတွင် စတင်ခူးဆွတ်ရောင်းချရပြီး လက်လီ၊ လက်ကားစနစ်ဖြင့် ဂန္ဓမာပန်းတစ်စည်းကို ငွေကျပ် (၁၀၀၀) ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာမှ ပန်းစိုက်တောင်သူတစ်ဦးက ပြောပြသည်။
ပခုက္ကူမြို့၊ အမှတ် (၁) စည်ပင်သာယာဈေးကြီးအပါအဝင်များ မြို့ပေါ်ရပ်ကွက်ရှိဈေးများ၌ ဂန္ဓမာပန်းတစ်စည်းလျှင် ငွေကျပ် (၁၅၀၀) နှင့် (၂၀၀၀) တို့ဖြင့် အရောင်းအဝယ် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)