ဘားအံ မတ် ၆
လယ်ယာကဏ္ဍ၏ဖွံ့ဖြိုးတိုးတက်မှု၊ သီးနှံအထွက်နှုန်းတိုးတက်မှုနှင့် စားရေရိက္ခာဖူလုံမှု ရှိ/မရှိ တွက်ချက်နိုင်ရန် ကရင်ပြည်နယ်မြေစာရင်းဦးစီးဌာနမှ နွေစပါးတစ်ဧကအထွက်နှုန်းမှန်ကန်စွာရရှိနိုင်ရေး နွေစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့မွန်းလွဲ ၄ နာရီက ဘားအံမြို့နယ်၊ ရဲသာကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၁၁၈၈-က၊ နောင်ခရိုင်ကွင်းရှိ တောင်သူဦးမြင့်ဦး၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏စိုက်ပျိုးရေးကဏ္ဍကို တစ်နှစ်ထက်တစ်နှစ်ပိုပို၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန် ဌာနဆိုင်ရာများ၊ လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ဝင်များနှင့် တောင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ပြည်နယ် မြေစာရင်းဦးစီးဌာနမှူးက စံကွက်ရိတ်သိမ်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူ လယ်သမားဦးကြီးများသည် နွေစပါးအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေး စိုက်ပျိုးပြီးစီးသည့်ဧကများအနက် ကိုယ်စားပြုအလွှာ(ကောင်း)ကို ကိုယ်စားပြုသော ဆင်းသုခနွေစပါးစိုက်ခင်းကို မြေစာရင်း ဦးစီးဌာနမှဝန်ထမ်းများက(၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာ ၀ ဒသမ ၀၀၁ ဧက စံကွက်သုံးကွက်အား စံကွက်ရိတ်သိမ်းခြင်း၊ အမှတ်(၂၀) ဘားအံစက်မှုလယ်ယာဦးစီးဌာနမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြွေလှေ့သရုပ်ပြသခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက စူပါအီးအမ်ဘိုကာရှီမြေဆွေးပုံ ပြုလုပ်ခြင်း ကွင်းသရုပ်ပြပွဲနှင့် ရိတ်သိမ်းပြီးနွေစပါးများအား ဝန်ထမ်းများက ချိန်တွယ်တိုင်းတာခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်မြေစာရင်းဦးစီးဌာနမှူးက ဆင်းသုခစပါးတစ်ဧက အကျိုးအမြတ်ရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စံကွက်ရိတ်သိမ်းသည့်အဖွဲ့နှင့် ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကာ ယနေ့စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်း ၁၁၇ ဒဿမ ၁၈ တင်း ထွက်ရှိကြောင်းနှင့် ယခုနှစ်တွင် ကရင်ပြည်နယ် အတွင်းနွေစပါး ၁၁၃၈၈၄ ဧက စိုက်ပျိုးထားရှိပြီး တစ်ဧကအထွက်နှုန်း မှန်ကန်စွာရရှိနိုင်ရေးကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြုအလွှာလိုက်ခွဲခြားပြုစု၍ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စံကွက်ပေါင်း ၁၆၈၃ ကွက်ကို ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြည်နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မတ်လ ၆ ရက်နေ့ နံနက်ပိုင်းကဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၆၆ ဒဿမ ၃ သန်းဖြင့် စိုက်ပျိုးမြေဧရိယာ ဧက ၃၀၀ ခန့်ကိုအကျိုးပြုနိုင်မည့် လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းပိုင် ရေနစ်မြုပ်သည့် လယ်မြေများအား ရေနုတ်မြောင်း(၁၂၆၀၀ပေ) တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးရာ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မျိုးလှိုင်နှင့်တာဝန်ရှိသူများက ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စဉ်ဆက်မပြတ်စိုက်ပျိုးလုပ်ကိုင်ကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ၁၄၅ သန်းဖြင့် စိုက်ပျိုးမြေဧရိယာ(၁၅၀)ဧကခန့်အား အကျိုးပြုနိုင်မည့် ဘားအံမြို့နယ်၊ စံဖရီးကျေးရွာအနီး အမှတ်(၂)ရေတံခါး (၆ပေ x ၁၁ပေ)(၆) ပေါက်တည်ဆောက်ခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တောင်သူလယ်သမားဦးကြီးများအား စိုက်ပျိုးရေအလွယ်တကူရရှိနိုင်ပြီဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံလေယာဉ်ကွင်းသန့်ရှင်းသာယာရေး၊ လေယာဉ်ပြေးလမ်းပတ်လည်တွင် ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)