ရွှေတောင်မြို့နယ် ပြည်သစ်ထုတ်လုပ်ရေးဒေသ မြန်မာ့သစ်လုပ်ငန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်

ရွှေတောင် မတ် ၆

ရွှေတောင်မြို့နယ် မီးသတ်ဦးစီးမှူးရုံးမှ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ပြည်သစ်ထုတ်လုပ်ရေးဒေသ၊ မြန်မာ့သစ်လုပ်ငန်းတွင် မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါမီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာတွင် ရွှေတောင်မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးထက်နိုင်ဦးဦးဆောင်၍ ရွှေတောင်မြို့နယ် ပြည်သစ်ထုတ်လုပ်ရေးဒေသ၊ မြန်မာ့သစ်လုပ်ငန်းအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးအတွက် ဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်း၊ မီးဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း မီးသတ်ဆေးဘူးများဖြင့် ကိုယ်တိုင်လက်တွေ့ငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ယာဥ်များဖြင့် ရေထွက်သရုပ်ပြသခြင်းများကို ဝန်ထမ်းများနှင့် မိသားစုဝင်များအတူ ပူးပေါင်းဇာတ်တိုက်သရုပ်ပြခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)