ပုသိမ် မတ်လ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားကို မတ်လ(၄)ရက်နေ့ညနေပိုင်းက ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ကျက်သရေဆောင် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့မှ တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ရုပ်သံသတင်း Video Clip များအား ကြည့်ရှုအားပေးခဲ့ပြီး ပညာရှင်များ၊ အဆိုရှင်များ၊ ပညာအလင်္ကာတေးဂီတအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးကျက်သရေဆောင် မြန်မာ့ဆိုင်းဝိုင်းကြီးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ် ခရိုင်အလိုက် ပြခန်းများနှင့် စံပြခရိုင်၊ မြို့၊ ကျေးရွာများအား ဆုများကိုချီးမြှင့်ရာ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ပြခန်းပထမဆုနှင့် ဝါးခယ်မြို့နယ်၊ ဆင်းရွှေကြာ(၂) နေကြာမျိုးအား အောင်မြင်ဖြစ်ထွန်းစွာ စိုက်ပျိုးနိုင်ခဲ့သည့် တောင်သူဦးဝင်းဗိုလ်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအနက် စံပြခရိုင်ဆုရရှိသည့် မြောင်းမြခရိုင်၊ တိုင်းဒေသကြီးအတွင်းရှိ (အထူး+က)အဆင့် မြို့များအနက် စံပြမြို့ဆုရရှိသည့် ပုသိမ်မြို့၊ တိုင်းဒေသကြီးအတွင်းရှိ (က)အဆင့်အောက် မြို့များအနက် စံပြမြို့ဆုရရှိသည့် ရေကြည်မြို့၊ တိုင်းဒေသကြီးအတွင်းရှိမြို့များအနက် စံပြမြို့ဆုရရှိသည့် ကျုံမငေးမြို့နှင့် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအနက် စံပြကျေးရွာ(ပထမ)ဆုရရှိသည့် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ငါးဘတ်အိုင်ကျေးရွာအုပ်စု၊ ငါးဘတ်အိုင်ကျေးရွာတို့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကလည်းကောင်း၊ အထိမ်းအမှတ်ပြခန်း ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်၊ တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအနက် စံပြကျေးရွာ (ဒုတိယ)ဆု ရရှိသည့် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာနှင့် တိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများအနက် စံပြကျေးရွာ (တတိယ) ဆုရရှိသည့် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ အဗျဉ်းကျေးရွာအုပ်စု၊ အဗျဉ်းလယ်ဦးကျေးရွာအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကလည်းကောင်း၊ အထိမ်းအမှတ်ပြခန်း တတိယဆုရရှိသည့် လပွတ္တာခရိုင်၊ အထိမ်းအမှတ်ပြခန်း အထူးဆု(၁)ရရှိသည့် ဖျာပုံခရိုင်နှင့် ပြခန်းအထူးဆု(၂)ရရှိသည့် မြန်အောင်ခရိုင်တို့အား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ အထိမ်းအမှတ် ပြခန်းအထူးဆု(၃) ရရှိသည့် မအူပင်ခရိုင်၊ အထိမ်းအမှတ်ပြခန်းအထူးဆု (၄)ရရှိသည့် ဟင်္သာတခရိုင်နှင့် အထိမ်းအမှတ်ပြခန်း အထူးဆု(၅)ရရှိသည့် ပုသိမ်ခရိုင်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက မိမိအနေဖြင့် ဧရာဝတီတိုင်းသို့လာရောက်သည့် အခါတိုင်းအသစ်အဆန်းများကို လေ့လာသိရှိ ရပါကြောင်း၊ ဧရာဝတီတိုင်းတွင် ပဲမျိုးစုံသီးနှံစိုက်ဧက (၁.၆)သန်းရှိပါကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးအနေဖြင့် ပို့ကုန်နှစ်ဆတိုးမြှင့် ဖိုဆိုလျှင် ထုတ်ကုန်နှစ်ဆတိုးမြှင့်ရမည်ဖြစ်ပါကြောင်း၊ သို့ပါသောကြောင် စတင်စိုက်ပျိုး ထုတ်လုပ်သည်မှ ရိတ်သိမ်းချိန်ထိ အချိတ်အဆက်မိမိ တောင်သူများကိုယ်တိုင်ပူးပေါင်းပါဝင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရေစီမံခန့်ခွဲမှုအတွက် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်သလို နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တောင်သူများပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အသွင်သဏ္ဍာန်နှင့် အနှစ်သာရပြည့်စုံစွာ တောင်သူသမားနေ့ကို ကျင်းပနိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရပါကြောင်း၊ တောင်သူလယ်သမားနေ့ကို တန်ဖိုးမြှင့်သည့်အနေဖြင့် ကျင်းပမည်ဖြစ်သည်ကို သိရှိရပါကြောင်း၊ ပေါ််ဆန်းမွေးကို မြောင်းမြခြံ၌ လွန်ခဲ့သော နှစ်ပေါင်း(၈၀)ခန့်က ရွေးချယ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဟူသည် ပေါ်ဆန်းစပါး၏ မူရင်းဒေသဖြစ်ပါကြောင်း၊ ထို့အတူ ပေါ်ဆန်းစပါးဟူသည် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့စရိုက်၊ မြန်မာ့အစဉ်အလာဟု သတ်မှတ်၍ရပါကြောင်း ပြောကြားခဲ့ပါသည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က "(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ ပိတ်ပွဲအခမ်းအနားနှင့် ဆုချီးမြှင့်ပွဲလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုထူးခြားပြီး အနှစ်သာရရှိအောင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းမှုများကိုလည်း ပြသနိုင်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်လာသည်ဟုပြောရမည်ဖြစ်ပါကြောင်းနှင့် ထိုကဲ့သို့ တိုးတက်လာခြင်းသည် တောင်သူဦးကြီးများကလည်း အားကြိုးမာန်တက် လိုက်ပါဆောင်ရွက်ခြင်းများအပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ နည်းပညာများ ပံ့ပိုးမှုများကြောင့်လည်းဖြစ်ပါကြောင်း၊ (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (ဒုတိယနေ့)တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်း ဆွေးနွေးပွဲကိုလည်း အနှစ်သာရရှိစွာ ထည့်သွင်းပြုလုပ်ခဲ့ပြီး ရလဒ်များလည်းထွက်ပေါ်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခင်နှစ် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် မြစ်ရေကြီးမှုဖြစ်စဉ်များကြောင့် တိုင်းဒေသကြီးတွင် စိုက်ဧကများရေကြီးနစ်မြုပ်ပျက်စီးမှုများ ရှိခဲ့သော်လည်း တိုင်းဒေသကြီး၏ စပါးအထွက်နှုန်းမလျော့ကျစေရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အပြင် တာဝန်ရှိသူ အသီးသီးက စစ်ဆေးကြပ်မတ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ပို့ကုန်နှစ်ဆတိုးမြှင့်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပြင် ဆားတောင်သူများ၊ ဉယျာဉ်ခြံလုပ်ကိုင်သည့် တောင်သူများလည်းပါဝင်ပါကြောင်း၊ ယနေ့ပိတ်သိမ်းသည့် တောင်သူ လယ်သမားနေ့ အခမ်းအနားသည် အနှစ်သာရရှိရှိ ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲမှ ထွက်ပေါ် လာသည့် ရလဒ်များကို မဟာဗျူဟာအဖြစ်သတ်မှတ်၍ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များကလည်း တိုင်းဒေသကြီးအတွင်းရှိ တောင်သူဦးကြီးများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြစေလိုကြောင်း" (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားပိတ်ပွဲနိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ပြုလုပ်သည့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (တတိယနေ့) သို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်းများက ပစ္စည်းပြခန်းများ၊ ဌာနဆိုင် ရာပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာပြခန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ဖွံ့ဖြိုးရေးသုတေသနပြခန်းများ၊ အိမ်ခြံဝန်းဟင်းခင်းပဒေသာ( Home Garden)၊ သစ်သီးဝလံပန်းမန်ဥယျာဉ်နှင့် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်တို့အား စိတ်၀င်တစား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ရှိ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး တိုင်းဒေသအသီးသီးနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိစသည့် မြို့နယ်များမှ ပညာရှင်များနှင့် တောင်သူများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က” ဧရာဝတီ ပေါ်ဆန်း အရည်အသွေး ကောင်းမွန်ပြီးဈေးကွက်ရရှိစေရေး ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပေါ်ဆန်းစိုက်တောင်သူများ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသန၊ အုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်များနှင့် တန်ဖိုးကွင်းဆက်တစ်လျောက် ပါဝင်ပတ်သက်သူများအားလုံး ပါဝင်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် စုစုပေါင်းပေါ်ဆန်း စိုက်ဧက ၇ သိန်းခွဲကျော် ရှိပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများကို လေ့လာရာမှာ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြဗဟိုသုတေသနစိုက်ပျိုးရေးဥယျာဉ်ကို ၁၉၂၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ဒေသမျိုးများစုဆောင်း၍ မျိုးရွေးချယ်စိုက်ပျိုးခဲ့ရာ ၁၉၄၄ ခုနှစ်မှာ ရွေးချယ်ရရှိခဲ့သော (D-44-8)မျိုးကို ပေါ်ဆန်းမွှေးနှင့် ၁၉၆ဝခုနှစ်တွင် ရွေးချယ်ရရှိခဲ့သော(D-60-8)မျိုးကို ပေါ်ဆန်းဘေးကြားမျိုးအဖြစ် မှတ်တမ်းတင်ခဲ့သည့် သမိုင်းအထောက်အထားများ ရှိခဲ့တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြသည် ပေါ်ဆန်း၏ မိဘဒေသဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ ပေါ်ဆန်းစပါးမျိုးများကို တိုင်းဒေသကြီးအနှံ့စိုက်ပျိုးလျက်ရှိပြီး ဓာတုကင်းလွတ်သည့်ပေါ်ဆန်းကို ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာတွင် စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးအနေနဲ့ ပေါ်ဆန်းစတင်မွေးဖွားရာ ဒေသလည်းဖြစ်တာမို့ ပေါ်ဆန်းအရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရလာစေရန် လိုအပ်ပါကြောင်း၊ ပညာရှင်များ၊ ဆန်စက်ပိုင်ရှင်များ၊ ကုန်သည်များ၊ စပါးစိုက်တောင်သူများနှင့် (၂)ရက်တာ ဆွေးနွေးပြီး ရလာဒ်ကောင်းများ ထွက်ပေါ်လာရန် မျှော်လင့်ကြောင်း၊ ရေကြည်မြို့နယ် နွားရေတိုက်ကျေးရွာတွင် ပေါ်ဆန်းစပါးမျိုး(၇)မျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ ဖျာပုံဒေသထွက် ပေါ်ဆန်းရင်စပါးမျိုးသည် အထွက်နှုန်း အကောင်းဆုံး ဖြစ်သည်ကိုတွေ့ရှိရပါကြောင်း၊ ဧရာဝတီပေါ်ဆန်း တစ်ခေတ်ဆန်းအောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားလိုပါကြောင်း” အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးက" ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် လှိုင်းအသွင်ဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ပေါ်ဆန်းဖိုရမ်၏ သမိုင်းကြောင်းကို ပြောရမည်ဆိုပါလျှင် ၁၉၄၄ ခုနှစ်တွင် မြောင်းမြသုတေသနခြံ( စိုက်ပျိုးရေးဥယျာဉ်)တွင် စတင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ၁၉၄၄တွင် D-44-8 ပေါ် ဆန်းမွှေးမျိုးအဖြစ် လည်းကောင်း၊ ၁၉၆၀တွင် D-60-8 ပေါ်ဆန်းဘေးကြားမျိုးအဖြစ်လည်းကောင်း ပေါ်ထွန်းလာခြင်းဖြစ်ပါကြောင်း၊ အမွေးနံ့ကို ဖြစ်ပေါ်စေသည့်ဗီဇသည့် ရေငတ်ဒဏ်ခံနိုင်ခြင်း၊ ဆားငဏ်ဒဏ်ခံနိုင်ခြင်း စသည့်အရည်အသွေးနှင့် ဆက်စပ်လျက်ရှိပါကြောင်း၊ ထို့အပြင် အမွေးနံ့ ကိုဖြစ်ပေါ်စေသည့် ဗီဇသည် ငုပ်လျှိုးဗီဇဖြစ်ခြင်းကြောင့် ယင်းဗီဇကို ထိန်းသိမ်းရွေးချယ်နိုင်မည့် နည်းပညာ၊ သုတေသန၊ ပညာရှင်တို့ အင်အားကိုအသုံးချကာ ပေါ်ဆန်းစပါး ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းစပါးတခေတ်ဆန်းစေရေးအတွက် ပုံမှန်မျိုးမွေးမြူ ကူးစပ်ခြင်းနည်းပညာအပြင် မောလီကျူလာ နည်းပညာကဏ္ဍသည်လည်း လွန်စွာအရေးပါလာပြီဖြစ်ပါကြောင်း၊ ထို့အတူ သုတေသီပညာရှင်များအတွက် သုတေသနပြုနိုင်မည့်အခြေအနေကို ဖန်တီးပေးရမည်ဖြစ်ပါကြောင်း၊ ထို့အတူ ဦးနှောက်သာမက နှလုံးသားပါကြီးမားသည့် ပညာရှင်များလိုအပ်ပါကြောင်း၊ ပေါ်ဆန်းကဏ္ဍ အောင်မြင်ရေးအတွက် မျိုးစေ့စနစ် အထူးအရေးကြီးသည်ကို အထူးသတိပေးလိုပါကြောင်း၊ ခိုင်မာ၍ ရည်ရှည်တည်တံ့သော မျိုးစေ့စနစ် တည်ဆောက်နိုင်မှသာ အောင်မြင်သော ပေါ်ဆန်းကဏ္ဍကို ဦးတည်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တောင်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ရေးသည်လည်း အရေးပါသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပေါ်ဆန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး မျိုးစုဆောင်းရရှိစေရေးကို အထောက်အကူ ပေးစေရေးအတွက် မြို့နယ်အလိုက် တောင်သူများပါဝင်သည့် ပေါ်ဆန်းပြိုင်ပွဲများ ဆောင်ရွက် စေလိုပါကြောင်း၊ စုဆောင်းရရှိသည့်မျိုးများကို ယှဉ်ပြိုင်စိုက်ပျိုးကာ မျိုးရွေးချယ်နိုင်ရေး ဆောင်ရွက်စေလိုကြောင်း၊ စိုက်ပျိုးရေးအသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် ရပ်မိ၊ ရပ်ဖများ ၊ လုပ်ငန်းရှင်များ၊ တောင်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပေါ်ဆန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးက တနိုင်ငံလုံး ကိုယ်စားပြုပြီး အမျိုးသားရေးလုပ်ငန်းအသွင်သဏ္ဍာန်၊ အနှစ်သာရဖြင့် ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအလိုက် တည်ရှိသည့် ပေါ်ဆန်းမျိုးများအားလုံးကိုလည်း မျိုးစေ့ဘဏ်အတွင်း ထိမ်းသိမ်းထားရန်လည်း လိုအပ်ပါကြောင်း၊ ထို့အတူ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးသည်လည်း အရေးကြီးပါကြောင်း ပြောကြားသည်။
ထို့နောက် ပေါ်ဆန်းလယ်ယာကဏ္ဍ vedio clip ပြသခဲ့ပြီး တက်ရောက်လာသော တောင်သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ ခင်းကျင်းပြသထားသော တိုင်းဒေသကြီးအတွင်းမှ ဒေးဒရဲဒေသထွက် မြင်းကကုန်းပေါ်ဆန်းနှင့် သောကြာပေါ်ဆန်း၊ ကျိုက်လတ်ဒေသထွက် ကြားပျံပေါ်ဆန်းနှင့် ပေါ်ဆန်းရင်၊ ဘိုကလေးဒေသထွက် ပိုက်စလပေါ်ဆန်းနှင့် သာဖျံပေါ်ဆန်း၊ ဖျာပုံဒေသထွက် ဘေးကြားတောင်ပျံပေါ်ဆန်းနှင့် လက်ပန်ပေါ်ဆန်း၊ မြန်အောင်ဒေသထွက် ချင်းခါးကုန်းပေါ်ဆန်း၊ ရေကြည်ဒေသထွက် နွားရေတိုက်ပေါ်ဆန်း၊ ပုသိမ်ဒေသထွက် ဥတိုပေါ်ဆန်း၊ ဓါတုကင်းလွတ်နွးရေတိုက် ရေကြည် ပေါ်ဆန်း၊ စိုက်ပျိုးရေးဦးဌာနမှ ပြသထားသော ရေဆင်းပေါ်ဆန်း-၁၊ ရေဆင်းပေါ်ဆန်း-၂၊ ရေဆင်းအင်းမ-၁၊ ရွှေနံသာတောင်ပျံ၊ ရွှေနံသာပေါ်ဆန်းမျိုးများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူး ပညာရှင်ဒေါက်တာပပဝင်းက မြန်မာ့ပေါ်ဆန်းစပါးမျိုးများထိန်းသိမ်း၍ အကျိုးရှိထိရောက်စွာ အသုံးပြုစိုက်ပျိုးနိုင်ရေး အထောက်အကူပြုလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများအကြောင်း၊ သရောင်းချောင်းမျိုးသန့်ခြံမှ သုတေသနပညာရှင် ဒေါ်ကြည်ကြည်ဦးက ဧရာဝတီတိုင်းဒေသ ကြီးအတွင်း စိုက်ပျိုးလျက်ရှိသော ဒေသပေါ်ဆန်းစပါးမျိုးများ၏ ရုပ်သွင်ပြင်လက္ခဏာများ လေ့လာခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ Biotech ဌာနခွဲမှ ပညာရှင်ဒေါက်တာဌေးဌေးအောင်က မြန်မာ့ပေါ်ဆန်းစပါးမျိုးများအား မော်လီကျူလာ Marker များအသုံးပြု၍ မျိုးဗီဇများ လေ့လာခြင်း စာတမ်းများဖတ်ကြားခဲ့ရာ ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တက်ရောက်လာကြ သူများက သိရှိလိုသည်များမေးမြန်း ဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဓာတုကင်းလွတ်ရေကြည်ပေါ်ဆန်းဆန်ဖြင့် နေ့လည်စာတည်ခင်းဧည့်ခံသည်။ ဆက်လက်၍ အခမ်းအနား ဒုတိယပိုင်းအား ကျင်းပပြုလုပ်ရာ စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ သုတေသနမှူး ဒေါ်ဖြူပြာလွင်က စပါးသီးနှံပုံစံများတွင် မြေဩဇာထည့်သွင်းမှု နည်းစနစ်အမျိုးမျိုး၏ ပေါ်ဆန်းစပါးအထွက်နှုန်းနှင့် အရည်အသွေးအပေါ် အကျိုးသက်ရောက်မှုများကိုလေ့လာခြင်း၊ စိုက်ပျိုးရေးသုတေသနဌာနမှ ပညာရှင်ဒေါက်တာအေးလဲ့လဲ့လှိုင်က ရေဆင်းပေါ်ဆန်း-၁နှင့် ရေဆင်းပေါ်ဆန်း-၂ စပါးမျိုးသစ်များ ဖြစ်ပေါ်လာပုံအကြောင်း၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ဗဟိုအလုပ်အမှုဆောင်ပညာရှင် ဦးနေမျိုးဝင်းက ပေါ်ဆန်း၏ ပြည်တွင်း ပြည်ပစျေးကွက်အလားအလာ၊ စိုက်ပျိုးရေးဦးစီးဌာနမှ Biotech ဌာနခွဲမှပညာရှင် ဒေါက်တာခင်မျိုးမြင့်က မွှေးရနံ့ဗီဇသစ်နှင့် မြန်မာ့ပေါ်ဆန်းစပါးအကြောင်း၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်မှ လက်ထောက်ကထိကပညာရှင် ဦးစိုးခိုင်က ပေါ်ဆန်းဆန်နှင့် မြန်မာ့ဆန်စျေးကွက် အခွင့်အလမ်းများ၊ စိုက်ပျိုးရေးသုတေသနဌာနမှ ပညာရှင် ဒေါက်တာချိုချိုအောင်က စပါးမျိုးများ၏ အမွှေးနံ့ဖြစ်ပေါ်မှုအပေါ် မျိုးဗီဇနှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ၏ လွှမ်းမိုးမှု၊ စိုက်ပျိုးရေးသုတေသနဌာနမှ ပညာရှင်ဒေါက်တာ ကျော်စွာဦးက မြန်မာပေါ်ဆန်း၏ မျက်မှောက် ခေတ်ကာလအခြေအနေများ၊ မျိုးစေ့ဘဏ်တာဝန်ခံပညာရှင် ဒေါ်ဥမ္မာအောင်က ပေါ်ဆန်းမွှေးစပါး ဗီဇကွဲမျိုးများအကြောင်းနှင့် စုဆောင်းထိန်းသိမ်းခြင်း စာတမ်းများအား ဖတ်ကြားခဲ့ပြီး ဧရာဝတီတိုင်းဒသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး၊ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးမေးမြန်းခဲ့ကြသည်။ ထို့နောက် ပေါ်ဆန်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ အခက်အခဲများ၊ မျိုး၊ သွင်းအားစုသုံးစွဲမှု အကြံပြုချက်များနှင့် သုတေသနဆောင်ရွက်မှုများ၊ ဆန်ကြိတ်ခွဲခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ပြည်တွင်းပြည်ပ စျေးကွက်အလားအလာများကို အဖွဲ့လိုက်ဆွေးနွေးခဲ့ကြပြီး အဖွဲ့ကိုယ်စားလှယ်များမှ ဆွေးနွေးချက်ရလဒ်များအား ပြန်လည်တင်ပြခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ်-၂၀၂၅ ကို စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ဒေသခံတောင်သူများ၊ Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့သည့် တိုင်းဒေသအသီးသီးနှင့် နေပြည်တော်ရှိ ဇမ္ဗူသီရိ၊ ပုဗ္ဗသီရိစသည့် မြို့နယ်များမှ ပညာရှင်များနှင့် တောင်သူများစုစုပေါင်း အင်အားရှစ်ရာကျော်တက်ရောက်ခဲ့ကာ ယခုလ (၅)ရက်နေ့နှင့် (၆)ရက်နေ့ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)