ထားဝယ် မတ် ၆
၂၀၂၅ ခုနစ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်အပ်နှင်းသည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၂၀၂၅ ခုနှစ်၊ ပြည်သူ့ဝန်ထမ်းကောင်း တံဆိပ်ချီးမြှင့်ခြင်းခံရသော လုပ်သက် (၂၆) နှစ်ပြည့် တာဝန်ထမ်းဆောင်ဆဲဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများကို ထပ်ဆင့်ပြီးဂုဏ်ပြုသောအခမ်းအနားဖြစ်ကြောင်း၊ ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်သည် လုပ်သက်ပေါင်း (၂၆) နှစ်ကို ကြိုးစားပြီး သစ္စာစောင့်သိစွာနှင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်ခြင်းဖြစ်ပြီး တန်ဖိုးရှိကာ ဂုဏ်ယူစရာကောင်းကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်များ ချီးမြှင့်ခဲ့သည်များရှိပြီး အစဉ်အလာမပျက် ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူများကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဂုဏ်ယူပြီးချီးကျူးကြောင်း၊ ပြည်သူ့ဝန်ထမ်းကောင်းများသည် နှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော်အနေဖြင့် တန်ဖိုးရှိပြီးသစ္စာစောင့်သိသောကြောင့် နိုင်ငံတော်က ပြန်လည်၍ ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ကြောင်း၊ လက်ခံရရှိသော ဝန်ထမ်းများအနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ဆုတံဆိပ်များကို လက်ခံရန်ဖြစ်ပြီး ရှေ့ဆက်၍ ဌာနအကျိုး၊ တိုင်းဒေသကြီးအကျိုး၊ နိုင်ငံ့အကျိုးကို ဝိုင်းဝန်းပြီးပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ချိုက ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ခံရသူများအား ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်သည့်အပေါ် ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး၊ အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က ပြည်သူ့ ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ခြင်းခံရသူ ဝန်ထမ်းကောင်း (၁၂) ဦးအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်သည်။
ဆက်လက် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်ခြင်းခံရသူ ဝန်ထမ်း (၁) ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)