ငဖဲ မတ် ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၄ ခုနှစ်တွင် စိုက်ပျိုးခဲ့သည့် ဆောင်းသီးနှံကုလားပဲများကို ကျေးရွာများတွင် ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ တစ်ဧကအထွက်နှုန်း ပျမ်းမျှ (၁၂) တင်းနှုန်းထွက်ရှိပြီး ပဲတစ်တင်းလျှင် ငွေကျပ် ရှစ်သောင်းနှုန်းဖြင့် ရောင်းချရ၍ ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မိမိ၏ ကိုင်းမြေ တစ်ဧကတွင် ကုလားပဲသီးနှံ ဒေသမျိုး ရွှေဝါလုံးသေး(ဆောင်း)ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် မျိုးတစ်တင်းခွဲခန့် ကုန်ကျ၍ စတင်စိုက်ပျိုးခဲ့ပြီး သက်တမ်း ၃ လကျော် ဖေဖော်ဝါရီလတွင် ရင့်မှည့်လာ၍ ရိတ်သိမ်းခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုးဖိုး၊ မြေထွန်ခ၊ နွားချေးမြေဩဇာ၊ ဆေးဖိုးကုန်ကျစရိတ်၊ လုပ်အားခနှင့် ပဲလှေ့ခအပါ ငွေကျပ် နှစ်သိန်းခန့် ကုန်ကျကြောင်း၊ ယခုနှစ်တွင် မိုးနှောင်းကောင်း၍ မြေအစိုဓာတ်ရရှိကာ အပတ်စဉ်ပေါင်းထိုးပေးရပြီး အထွက်နှုန်း သင့်တင့်ကောင်းမွန်ကြောင်း၊ ကုလားပဲသီးနှံတစ်တင်းလျှင် ငွေကျပ် ရှစ်သောင်းနှုန်းဖြင့် ရောင်းချရ၍ အဆင်ပြေတွက်ချေကိုက်ကြောင်းနှင့် ပဲခင်းများဆက်လက်ရိတ်သိမ်းလျက်ရှိကြောင်း စည်သာကျေးရွာမှ ပဲစိုက်တောင်သူ ဦးရဲထွေးက ပြောကြားခဲ့သည်။
ငဖဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံအဖြစ် ကုလားပဲသီးနှံကို ပန်းထိမ်းအုပ်စု၊ ဆင်ချည်တိုင်ကျေးရွာအုပ်စု၊ ဆူးပဒေါင်းကျေးရွာအုပ်စု၊ ပဒါန်းကျေးရွာအုပ်စု၊ စည်သာကျေးရွာအုပ်စု နှင့် မာန်အောင် ကျေးရွာအုပ်စုတို့တွင် စုစုပေါင်း ၅၅၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ဒေသခံတောင်သူများအနေဖြင့် ကုလားပဲသီးနှံများ ဆက်လက်ရိတ်သိမ်းခြွေလှေ့လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)