ဒေးဒရဲ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ မြန်မာ့ယဥ်ကျေးမှုဓလေ့အား အလေးထားထိန်းသိမ်းတတ်စေရေးရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု အခမ်းအနားအား ယမန်နေ့ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က နှစ်စဉ်တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့ သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်တိုင်းရင်းဆေးကုဌာနမှူး ဒေါ်နန့်တင်တင်အေးက သနပ်ခါးပင်နှင့် ဆေးဖက်ဝင်ပုံ အကြောင်း၊ မြန်မာ့ဓလေ့နှင့်သနပ်ခါးအပေါ် ချစ်မြတ်နိုးမှု၊ အသုံးပြုမှုစသည်တို့နှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အမျိုးသမီးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များက သနပ်ခါးလိမ်းခြယ်မှုအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြပြီး သနပ်ခါးနှင့်ပတ်သက်သော အသိပညာပေး ပြသထားရှိ သည့် နံရံကပ်ပြဘုတ်များ၊ ဓာတ်ပုံများအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အေဇာလင်း