ပုသိမ် မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား (ဒုတိယနေ့) အဖြစ်ပြသထားသည့် ခရိုင်အလိုက် သစ်သီးဝလံပန်းမန်များနှင့် MSMEs ဒေသထွက်ကုန်ပစ္စည်းပြခန်းများအား မတ်လ(၃)ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သစ်သီးဝလံပန်းမန်ဥယျာဉ်၊ အိမ်ခြံဝန်းဟင်းခင်းပဒေသာ (Home Garden)၊ လုပ်ငန်းဦးစီးဌာနမှ ငါးမွေးကန်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ပြသထားသည့် သီးနှံစုံစိုက်ခင်းများ၊ အစေ့ထုတ်ပြောင်းစိုက်ခင်း၊ ဆီထွက်သီးနှံများဖြစ်သည့် Super Sun-41 နေကြာစိုက်ခင်း၊ မြေပဲ၊ ပဲပုတ်၊ ပန်းနှမ်းနှင့် နှမ်းစိုက်ခင်း၊ ခရိုင်အလိုက် သစ်သီးဝလံပန်းမန်များနှင့် MSMEs ဒေသထွက်ကုန်ပစ္စည်းပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာပြခန်းများ၊ လယ်ယာသုံးစက်ကိရိယာပြခန်းများ၊ အုန်းအခြေခံထုတ်ကုန်ပြခန်း၊ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာပြခန်းများ၊ ငါးထုတ်ကုန်ပြခန်းများ၊ မျိုးစေ့ထုတ်ကုန်ပြခန်းများ၊ အစာတောင့်ထုတ်ကုန်ပြခန်းများ၊ ပုသိမ်တက္ကသိုလ်နှင့် ဧရာဝတီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်းဆောင်ရွက်သည့် ဒေသထုတ်ကုန်များသုတေသနနှင့် စျေးကွက်သုတေသနကော်မတီ၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME ဖွံ့ဖြိုးရေးသုတေသနပြခန်းများအစရှိသည့် ပြခန်းပေါင်း(၅၁)ခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့က ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များ ပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှုပိုမိုသေသပ်ကောင်းမွန်စေရေးနှင့် ထုတ်လုပ်မှုစနစ်များ အဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား (တတိယနေ့) အဖြစ်ကျင်းပသည့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေးစားပွဲဝိုင်းရလဒ်များအပေါ် ဆွေးနွေးပွဲကို မတ်လ(၄)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“(၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား(ဒုတိယနေ့)တွင် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က သက်ဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ယနေ့တွင် ၎င်းစားပွဲဝိုင်းဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် ရလဒ်များကို ပြန်လည်ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးလုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်လာနေသည်ကို တွေ့ရှိပြီး ထိုသို့တိုးတက်လာခြင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ နည်းပညာများပံ့ပိုးမှုများနှင့် တောင်သူများ၏ လိုက်ပါဆောင်ရွက်ခြင်းကြောင့်လည်း ဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲမှထွက်ပေါ်လာသည့် ရလဒ်များသည် ကျယ်ပြန်သည့်အတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များလည်း များပြားမည်ဖြစ်ပါကြောင်း၊ ထွက်ပေါ်လာသည့်ရလဒ်များကို အောင်မြင်အောင်လည်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာကဏ္ဍ အလိုက်တာဝန်ယူ ခွဲဝေဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ စားပွဲဝိုင်းဆွေးနွေးပွဲ၏ အဓိကရည်မှန်းချက်မှာ ပို့ကုန်နှစ်ဆတိုးမြှင့်ရေး၊ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ဝင်သည့် ပြည်ပပို့ကုန်များ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် ပြုလုပ်ခြင်းလည်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ အဓိကထွက်ရှိသည့် ဆန်စပါး၊ ပီလော ပီနံလုပ်ငန်း၊ ကြိမ်၊ ဝါး၊ ဗေဒါ၊ သင် အစရှိသည့် လက်မှုလုပ်ငန်းများနှင့် MSME ထုတ်ကုန်များကိုလည်း ပိုမိုတိုးချဲ့လုပ်ကိုင်ရန် လိုအပ်ပါကြောင်းနှင့် ဆန်၊ ဆန်ကွဲ၊ ပေါင်းဆန်၊ ပီလောပီနံ၊ ငါး၊ ပုစွန်၊ ဂဏန်းများကို ပြည်ပသို့ တင်ပို့လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ လယ်ယာထွက်ကုန် ပစ္စည်းများနှင့် ရေထွက်ကုန်ပစ္စည်းများ ပြည်ပပို့ကုန်နှစ်ဆ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် အနှစ်သာရရှိသည့် ဆွေးနွေးပွဲဖြစ်စေရေးအတွက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည့် တာဝန်ရှိသူများနှင့် ပညာရှင်များကိုလည်း ကျေးဇူးတင်ပါကြောင်း” အမှာစကားပြောကြားသည်။ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက“ဧရာတိုင်းဒေသကြီး၌ကျင်းပသည့် တောင်သူလယ်သမားနေ့အခမ်းအနားသို့ မိမိအနေဖြင့် ရောက်ရှိခဲ့သည်မှာ ယနေ့ဆိုလျှင်(၃)နှစ်ဆက်တိုက်ရှိခဲ့ပြီဖြစ်ပါကြောင်း၊ တစ်နှစ်ထက်တစ်နှစ် ထုတ်ကုန်အမျိုးအစားများ ပိုမိုများပြားလာကြောင်းကို တွေ့ရှိရပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် တောင်သူလယ်သမားနေ့ ကျင်းပရန်အတွက် နေရာကောင်း၊ စံပြဒေသကောင်း တစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲများ၏ တောင်သူများအား ထိရောက်စွာ ပညာပေးပါဆိုသည့် လမ်းညွှန်ချက်များအတိုင်း တိုင်းဒေသကြီးအတွင်း တောင်သူပညာပေးလုပ်ငန်းများအား တောင်သူလယ်သမားများနှင့် နည်းပညာနှီးနေနှာဖလှယ်ပွဲများ တက်ကြွစွာအကောင် အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုလည်း ဖြစ်ပါကြောင်း၊ လယ်ယာကဏ္ဍအားအလေးထားဆောင်ရွက်လျက်ရှိသော ဤတိုင်းဒေသကြီး အတွက်ဈေးကွက် အခြေခံစီးပွားရေးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ ခိုင်မာသောဈေးကွက် ရှာဖွေရေးလုပ်ငန်းများကိုလည်း အားလုံးပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် ပိုးသတ်ဆေးလျော့သုံးရန်နှင့် အရည်အသွေးပြည့် မှီအောင်စိုက်ပျိုးကြစေလိုပါကြောင်း၊ မတ်ပဲ၊ပဲတီစိမ်းစိုက်လျှင် ဖြည့်စွက်ရေပေးသွင်းသည့် သုတေသနအား တောင်သူများနှင့် တွဲဖက်ဆောင်ရွက်စေလိုပါကြောင်း၊ ဖြည့်စွက်ရေပေးသွင်းရာတွင် ဆည်ရေသာမက၊ မြေအောက်ရေ၊ မိုးရာသီတွင် စုဆောင်းထားသည့် ရေများကိုလည်း အသုံးပြုပါကြောင်း၊ ထို့အတူဂေဟစနစ်ကောင်းမွန်အောင် လည်းစောင့်ရှောက်ရန်လိုအပ်ပါကြောင်း၊ ဂေဟစနစ်ကောင်းမွန်ရေးအတွက် နေကြာသီးနှံကိုလည်း ထည့်သွင်းစိုက်ပျိုးသွားရန် လိုအပ်ပါကြောင်း၊ အထူးပြောကြားလိုသည်မှာ တောင်သူအသင်းအဖွဲ့များဖွဲ့စည်းပြီး တောင်သူကြီးများအနေဖြင့် သီးနှံစုပေါင်း ရောင်းချခြင်းအလေ့အထအား ကျင့်သုံးရန်တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတကာဈေးကွက် အတွေ့အကြုံရှိသူများအနေဖြင့်လည်း မည်သည့်ပစ္စည်းများက နိုင်ငံတကာသို့တင်ပို့နိုင်ကြောင်း သတင်းအချက် အလက်များကိုလည်းဖြန့်ဝေပေးကာ အားလုံးပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်း” ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတွင် စားပွဲဝိုင်း(၁)မှ ဆွေးနွေးခဲ့သည့် ပဲပုတ်/ပဲကြီး ဧကတစ်သိန်းရောနှောစိုက်ပျိုးခြင်းကဏ္ဍကိုလည်းကောင်း၊ စားပွဲဝိုင်း(၂)မှဆွေးနွေးခဲ့သည့် စပါးကဏ္ဍများကိုလည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီးနောက် ကဏ္ဍများအလိုက် သိရှိလိုသည်များကို တက်ရောက်လာသူများက မေးမြန်းဆွေးနွေးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ပညာရှင်များက သိရှိလိုသည်များကို ဖြည့်စွက်ရှင်းလင်း ပြန်လည်ဖြေကြားခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေးဉီးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဒေါက်တာသန္တာညီက ရေရှည်တည်တံ့သောမြေဆီလွှာပြုပြင်ထိန်းသိမ်းရေး စာတမ်းအားဖတ်ကြားရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဒေါက်တာသန္တာညီက ဖြည့်စွက်ရှင်းလင်း ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတွင် စားပွဲဝိုင်း(၃)မှ ဆွေးနွေးခဲ့သည့် အစေ့ထုတ်ပြောင်းကဏ္ဍနှင့် ပတ်သက်၍လည်းကောင်း၊ စားပွဲဝိုင်း(၄)မှဆွေးနွေးခဲ့သည့် ပီလောပီနံနှင့် ရာဘာကဏ္ဍကိုလည်းကောင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါက်တာခင်မာလာမြင့်က ပို့ကုန်နှစ်ဆတိုးမြှင့်ဖို့ ဖျက်ပိုးဘက်စုံကာကွယ်နှိမ်နင်းနည်းများ သုံးစွဲကြပါစို့ စာတမ်းအား ဖတ်ကြားရှင်းလင်းတင်ပြပြီးနောက် ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့် လက်ရည်တပြင်တည်း နေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီး ကျက်သရေဆောင် မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် ပညာအလင်္ကာတေးဂီတအဖွဲ့ကတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ဆက်လက်၍ ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတွင် စားပွဲဝိုင်း(၅)မှ ဆွေးနွေးခဲ့သည့် ပဲမျိုးစုံသီးနှံကဏ္ဍကိုလည်းကောင်း၊ စားပွဲဝိုင်း(၆)မှဆွေးနွေးခဲ့ကြသည် မွေးမြူရေးကဏ္ဍကိုလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါက်တာခင်ခင်အေးပွင့်ခိုင်က ဘက်စုံပေါင်းကာကွယ်နှိမ်နင်းနည်းများနှင့် ပေါင်းသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်းများ စာတမ်းအားလည်းကောင်း၊ စားပွဲဝိုင်း(၇)မှ ဆွေးနွေးခဲ့ကြသည့် ငါး၊ ပုစွန်၊ ဂဏန်း၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး ကဏ္ဍကိုလည်းကောင်း၊ စားပွဲဝိုင်း(၈)မှ ဆွေးနွေးခဲ့ကြသည့် MSMEsကဏ္ဍများကိုလည်းကောင်း ဆွေးနွေးရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်း ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲမှ လိုအပ်ချက်များကို ထပ်မံဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး စားပွဲဝိုင်းဆွေးနွေးမှုရလဒ်များကို အတည်ပြုခဲ့ကြသည်။ ယနေ့အခမ်းအနားတွင် ပုသိမ်တက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကလည်း (၆၃)နှစ်မြောက်တောင်သူလယ်သမားနေ့ အခမ်းအနား (တတိယနေ့)သို့ တက်ရောက်လာကြသည့် တောင်သူများ၏ လူမှုစီးပွားရေးအခြေအနေကို လေ့လာဆန်းစစ်ခြင်း စစ်တမ်းများကောက်ယူခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)