ကြို့ပင်ကောက် မတ် ၅
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့ရှိ မြို့မစည်ပင်သာယာဈေးတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့မစည်ပင်သာယာဈေးတွင် ကြိုတင်စစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပါင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကြို့ပင်ကောက်မြို့မစည်ပင်သာယာဈေးတွင် ဈေးဆိုင်ခန်းပါင်း ၇၀၀ ကျော်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိသော မီးသတ်စက်များ၊ မီးသတ်ရေငုတ်များ၊ မီးသတ်ပိုက်များ၊ ပိုက်ခေါင်းများ ရေကန်၊ ရေတွင်းနှင့် မီးသတ်ဆေးဗူးတို့အား ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လျှပ်စစ်မီးသုံးစွဲသော ဝါယာကြိုးများအား ပြုပြင်ဆောင်ရွက်ရမည့်အခြေအနေတို့ကိုစစ်ဆေး၍ မြို့မဈေးတာဝန်ရှိသူများအား မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်ကမှာကြားခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းနိုင်ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ဈေးတာဝန်ခံနှင့် ကော်မတီဝင်များပူးပါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)