ပြည်မြို့လူထုအခြေပြုဗဟိုဌာန၌ အခြေခံပညာပန်းချီပညာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာသင်ယူ

ပြည် မတ် ၅

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မတ်လ ၃ ရက်မှ ၂၈ ရက်နေ့အထိ (အခမဲ့)အခြေခံပညာပန်းချီပညာသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ‌ပြည်မြို့ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦးခန့် စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာသင်ယူလျက်ရှိ‌ကြောင်းသိရသည်။

သင်တန်းတွင် ပြည်ပညာရေးကောလိပ်မှ အငြိမ်းစားပန်းချီပညာရှင် ဆရာကြီးဦးထွန်းထွန်း(ပြည်)က မျဉ်းဖြောင့်၊ မျဉ်းကွေး၊ မျဉ်းမတ်၊ မျဉ်းယိုင်များမှတစ်ဆင့် အခြေခံပန်းချီရေးဆွဲနည်းပညာရပ်များကို စနစ်တကျသင်ကြားပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အထူးစိတ်ဝင်စားစွာ လေ့လာသင်ယူနေကြပြီး သင်တန်းသားဦးရေတိုးပွားလျက်ရှိကာ မိဘအုပ်ထိန်းသူများကိုယ်တိုင် သင်တန်းသို့လိုက်ပါပို့ဆောင်၍ ကျောင်းသား၊ ကျောင်းသူများနည်းတူ စနစ်တကျ အခြေခံပန်းချီ‌ရေးဆွဲနည်းကို သဘောကျနှစ်သက်ကြသည်။

အဆိုပါသင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စီစဉ်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ဒေသတွင်းရှိ အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ပန်းချီပညာရပ်ကို အခြေခံမှစ၍ စနစ်တကျလေ့လာသင်ယူတတ်မြောက်စေရန်၊ နွေရာသီကျောင်းပိတ်ရက်များအတွင်း မိမိတို့ဝါသနာပါရာ အနုပညာနှင့် အတတ်ပညာရပ်ကို အခမဲ့လေ့လာသင်ယူနိုင်စေရန်၊ ကျောင်းတွင်းပန်းချီပြိုင်ပွဲများ၌ အထောက်အကူပြုဖြစ်စေရန်နှင့် ထိုမှတစ်ဆင့်ကိုယ်တိုင်တီထွင်ဖန်တီးရေးသားနိုင်သော ပန်းချီပညာရပ်ဆိုင်ရာ အနုပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)