ပဲခူးမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ပဲခူး မတ် ၅

ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့က ဦးစီးပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က  ပြည်သူ့စစ်မှုတမ်းဥပဒေနှင့် နည်းဥပဒေပါအချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ဆွေးနွေးပွဲကိုပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဒီမိုကရေစီစနစ်စတင်ကျင့်သုံးစဉ်က ပြဋ္ဌာန်းထားပြီးဖြစ်၍ မြို့နယ်အတွင်းရှိ အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း အမျိုးသားအားလုံး အကျုံးဝင်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းချက်ပါ ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းတာဝန်မှ ကင်းလွတ်ခွင့်ရသူများ၊ လျှော့ပေါ့ခွင့်ရသူများနှင့် ရွှေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်၊ စသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါအချက်များကို ပြည်သူများ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်စေရန် အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသည့် ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) များ၊ ရပ်မိရပ်ဖများက သိလိုသည့် အချက်များကို ဆွေးနွေးမေးမြန်းခဲ့ရာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ဒုတိယတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းချွန်က ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်မှ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ) များ၊ ရပ်မိရပ်ဖများ၊ စုစုပေါင်းအင်အား (၅၃၉) ဦး တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်များမှ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ (မြို့ပြ) (၁၆၀) ဦးတို့အားတွေ့ဆုံ၍ အခက်အခဲများမေးမြန်းကာ အားပေးစကားများပြောကြားပြီး ကြက်ဥနှင့် အသင့်စားခေါက်ဆွဲခြောက်များ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)