ဟင်္သာတ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့ ရွှေကျောင်း ပရိယတ္တိစာသင်တိုက်ကြီးရှိ ပိဋကာဝါသရွှေဗိမာန်တော်ကြီး၌ (၂၄)ကြိမ်မြောက် နာယကဆရာတော်ကြီးများ ကြီးမှူးကျင်းပသော “ပရိယတ္တိ သာသနပါလက” စာမေးပွဲစာအောင်ဆုနှင်းသဘင် အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါနေရာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွက်ဆို ကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီးနောက် ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဓရဩဝါဒါစရိယအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓမဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ကျေးဇူးရှင်သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသ ထံမှဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်ခဲ့ကြသည်။ ထို့နောက်ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စားအဖွဲ့ဝင်(၂) ဦးအောင်မြင့်ဦးက သာသနာရေးဆိုင်ရာများကို လျောက်ထားခြင်းနှင့်ကြွရောက်တော်မူလာသော ပင့်သံဃာဆရာတော်ကြီးများအား လှူဖွယ် ပစ္စည်းတို့ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက်ဟင်္သာတမြို့ မိုးကောင်းပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ တိပိဋကဓရ ဩဝါဒါစရိယအဖွဲ့ဥက္ကဌ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓမဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ကျေးဇူးရှင်သက်တော်ရှည် ဆရာတော်ကြီး ဘဒ္ဒန္တသုဓမ္မာစာရာဘိဝံသထံမှ အနုမောဒနာတရားတော်နာကြား၍ ရေစက်သွန်းချ အမျှဝေပေးခြင်းတို့ကိုပြုလုပ်ခဲ့ပါသည်။ တရားတော်နာကြားပြီးချိန်တွင် ဂုဏ်ထူးအောင် အရှင်မြတ်(၉)ပါးတို့အား ဌာနဆိုင်ရာအကြီးအကဲများမှ အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ထို့နောက်ပထမငယ်တန်းဖြေဆို (၈၁)ပါး၊ အောင်မြင်(၃၆)ပါး၊ အခြေပြုမူလတန်း ဖြေဆို (၁၀၃)ပါး၊ အောင်မြင်(၆၂)ပါး၊ အခြေပြုမူကြိုတန်း ဖြေဆို(၁၂၀)ပါး၊ အောင်မြင် (၈၇)ပါး၊ အာဂုံတန်းဖြေဆို(၁၅၃)ပါး၊ စုစုပေါင်း ဖြေဆိုအောင်မြင်တော်မူကြသော စာအောင်အရှင်မြတ် (၁၃၃)ပါးတို့အား တာဝန်ရှိဆရာတော်များ၊ တပည့်ဒါယိကာ၊ ဒါယိကာမများမှ အောင်လက်မှတ်နှင့် စာအောင်ဆုများအား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ပြီးနောက်အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွက်ဆို ဆုတောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)