ဘားအံ မတ် ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ချေးငွေများကို သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ အကဲဖြတ်စောင့်ကြည့်ရေးအဖွဲ့များ၏အတည်ပြုချက်ဖြင့် အမှန်တကယ်တက်တက် ကြွကြွဆောင်ရွက်သည့်လုပ်ငန်းများကိုသာ ထုတ်ချေးပေးကြစေလိုကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ထုတ်ချေးပေးလိုက်သည့်ရန်ပုံငွေများသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးကို အထောက်အကူဖြစ်/မဖြစ်၊ အကျိုးစီးပွားဖြစ် ထွန်းမှုရှိ/မရှိ ပြန်လည်သုံးသပ် ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က မြို့နယ်များအလိုက်ချေးငွေထုတ်ချေးပေးနိုင်မှု၊ အတိုး/ အရင်းပြန်လည်ပေးဆပ်မှုနှင့် ချေးငွေထပ်မံရယူရန် အဆိုပြုတင်ပြလာမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေရယူထားပြီး မိုးစပါး၊ မိုးသီးနှံနှင့်ဆောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးထားမှု၊ သမဝါယမအသင်းများ၏ချေးငွေထုတ်ချေးမှု၊ ရန်ပုံငွေဖြင့် ပြည်နယ် အတွင်း အသား၊ ငါး၊ ဥထုတ်လုပ်မှု၊ စားသုံးမှု၊ ပိုလျှံမှု၊ ချေးငွေထုတ်ချေးခွင့်အဆိုပြုတင်ပြထားမှုများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်များအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၏ ထုတ်ချေး/ကောက်ခံ/လက်ကျန်အခြေအနေများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆန်စက်၊ ဆီစက်လုပ်ငန်းများတွင် အရင်း+ အတိုး ပြေကျေအောင်ကောက်ခံရရှိမှု၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူဝင်ငွေတိုးပြီး ဒေသစီးပွားဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဌာနေပြည်သူ့စစ်အဖွဲ့များအား စားသောက်ကုန်ပစ္စည်းများချီးမြှင့် ပေးအပ်သည့်အခမ်းအနားကို မတ်လ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်များကို ထမ်းဆောင်နေကြသည့်ဌာနေပြည်သူ့စစ်အဖွဲ့များကို အခါအားလျော်စွာ ချီးမြှင့်ပေးအပ်လျက်ရှိပြီး မိမိတို့၏အဖွဲ့အစည်းကို ကျစ်ကျစ်လစ်လစ်ဖြင့်ဖွဲ့စည်းဆောင်ရွက်၍ အရည်အချင်း၊ အရည်အတွက် ပြည့်မီစွာ တာဝန်ထမ်းဆောင်ကြစေလိုကြောင်း၊ ပြည်သူနှင့်အနီးကပ်ထိတွေ့ဆက်ဆံရသည့်အတွက် အများပြည်သူယုံကြည်အားကိုးလာအောင်၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို အထောက် အပံ့ပြုနိုင်သူများဖြစ်အောင် သွားလာနေထိုင်ပြောဆိုဆက်ဆံရာတွင် အထူးဂရုပြုကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဌာနေပြည်သူ့စစ်အဖွဲ့များအား စုစုပေါင်း ငွေကျပ် ၁၀၂၆၂၅၀ဝိ/- (တစ်ရာ့နှစ်သိန်းခြောက်သောင်းနှစ်ထောင်ငါးရာကျပ်)တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များကို ချီးမြှင့်ပေးအပ်ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက လိုအပ်သည်များမှာကြားကာ ဌာနေပြည်သူ့စစ်အဖွဲ့များကိုယ်စားအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဌာနေပြည်သူ့စစ်အဖွဲ့များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)