လိပ်သို မတ် ၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ရဲစတိုင်း မြန်မာပြန်ရေးသားသော “မှတ်ဉာဏ်ထက်မြက်စေမည့်နည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ စာအုပ်စာပေလူ့မိတ်ဆွေဆိုသည့်အတိုင်း အသိပညာဗဟုသုတကြွယ်ဝဖို့ စာများများ ဖတ်ရှုရန် လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် နော်မိုးစန္ဒာက “ဆဌမအာရုံ သို့မဟုတ် စိတ်ခံစားချက်” ခေါင်းစဉ်အောက်မှ “ယနေ့ခေတ်ကာလရဲ့ လူနေမှုပုံစံ တိုးတက်မှုများက ကျွန်တော်တို့ရဲ့ရိုးရှင်းတဲ့ လူမှုဆက်ဆံရေးနယ်ပယ်ကို လျော့ပါးလာစေကြောင်း၊ ခေတ်မီတဲ့ အသုံးအဆောင်တွေက ကျွန်တော်တို့မှာ ကြွယ်ဝပြီးသား အာရုံခံစားမှုတွေကို ပြတ်လပ်သွားအောင် လုပ်ဆောင်နိုင် ကြောင်း၊ လှုပ်ရှားတက်ကြွတဲ့ ဦးနှောက်ဟာ ကျန်းမာတဲ့ဦးနှောက်ဖြစ်ပြီး ထိုင်းမှိုင်းတဲ့ ဦးနှောက်ကတော့ စွမ်းရည်တွေကို လျော့ကျစေသဖြင့် ဦးနှောက်ကို ထုံထိုင်းမသွားအောင် အသစ်အဆန်း လေ့လာမှုများကို မကြာခဏပြုလုပ်ပေးသင့်ကြောင်း” စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏အတွေးအမြင်၊ အယူအဆ၊ ခံယူချက်စိတ်ထားများကို အချင်းချင်းအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ရဲစတိုင်း မြန်မာပြန် ရေးသားသော “မှတ်ဉာဏ်ထက်မြက်စေမည့် နည်းလမ်းများ” စာအုပ်အား ဖတ်ရှုခြင်းဖြင့် အရေးကြီးတဲ့ စိတ်ခံစားချက်များနှင့် လူမှုပတ်ဝန်းကျင်ထိတွေ့ဆက်ဆံမှု အပါအဝင် အာရုံခံစားမှုတွေအားလုံးကို အသုံးချမယ်ဆိုရင် ဒါတွေအားလုံးသည် သင့်ဦးနှောက်၏ ကျန်းမာသန်စွမ်းမှု၊ မှတ်ဉာဏ်ထိန်းသိမ်းမှု စွမ်းအင်အတွက် အလွန်အထောက်အကူပြုမှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်