ပွင့်ဖြူမြို့နယ်၌ ဒေသခံတောင်သူများ ဆောင်းသီးနှံကုလားပဲစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့ တစ်ဧက (၁၇) ဒသမ (၃၂) တင်း ထွက်ရှိ

ပွင့်ဖြူ မတ် ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးခဲ့သည့် ကုလားပဲစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန်ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံပြန်လည် စိုက်ပျိုးနိုင်ရေးအတွက်  စတင်ရိတ်သိမ်းခြွေလှေ့နေကြပြီဖြစ်ကြောင်း သိရကာ တစ်ဧက ကုလားပဲ (၁၇) ဒသမ (၃၂) တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် ၂၀၂၄ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ဒေသခံတောင်သူများက စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကုလားပဲစိုက်ဧက (၅၆၀၅၁) ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အဆိုပါ ဆောင်းသီးနှံကုလားပဲ စိုက်ခင်းများမှာ ယခုအခါ အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နွေသီးနှံ ပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် ဖေဖော်ဝါရီလမှစပြီး ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ယနေ့ထိ ဧက (၆၈၀) ရိတ်သိမ်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း  ကုလားပဲသီးနှံ (၅၆၀၅၁) ဧက စိုက်ပျိုး နိုင်ခဲ့ပါတယ်။ အဲဒီ ကုလားပဲစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိပြီဖြစ်လို့ ဒေသခံတောင်သူတွေက နွေသီးနှံ အချိန်မီ စိုက်ပျိုးနိုင်ဖို့အတွက် ဖေဖော်ဝါရီလကစပြီး ရိတ်သိမ်းခြွေလှေ့လျက်ရှိရာ ဒီနေ့ထိ ဧက (၆၈၀)  ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ကုလားပဲသီးနှံ ရိတ်သိမ်းခြွေလှေ့ခြင်းနဲ့ပတ်သက်ပြီး လေလွင့်ဆုံးရှုံးမှုမဖြစ်အောင် စနစ်တကျ ရိတ်သိမ်းကြဖို့နဲ့ လိုအပ်တဲ့  ရိတ်သိမ်းခြွေလှေ့ နည်းစနစ်များကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်နေပါတယ်။ အထွက်နှုန်းအနေနဲ့ တစ်ဧကကို ကုလားပဲ (၁၇) ဒသမ (၃၂) တင်း ထွက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံရာသီက ကုလားပဲ (၂၁၈၄၃) ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု (၅၆၀၅၁) ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားစိုက်ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဒေသတွင်းရှိ ကုလားပဲစိုက်ပျိုး တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအထွက်နှုန်းများ ကောင်းမွန်စေရန် ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ မြေဩဇာနှင့် သွင်းအားစုများ စနစ်တကျသုံးစွဲရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အချိန်မီ သီးနှံရိတ်သိမ်းနည်းပညာများစသည့် တောင်သူအသိပညာပေးခြင်းများကို သက်ဆိုင်ရာဆက်စပ်ဌာနများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ကုလားပဲသီးနှံသည် ဈေးကွက်ဝင်သီးနှံဖြစ်၍ နှစ်စဉ် တိုးချဲ့စိုက်ပျိုးကာ အထွက်နှုန်းများ တိုးတက်အောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပြည်ပသို့ပါ တင်ပို့ရောင်းချ နိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကုလားပဲသီးနှံကို တိုးချဲ့စိုက်ပျိုးနိုင်အောင် ဒေသမရွေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )