အင်္ဂပူ မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးက မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့ ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က မြန်မာ့သနပ်ခါးသမိုင်းကို ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်တိုင်းရင်းဆေးခန်းမှူး ဒေါ်နော်သိန်းသိန်းနွဲက သနပ်ခါးဖြင့် တိုင်းရင်းအသုံးဝင်ပုံများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများအား သနပ်ခါးများလိမ်းခြယ်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)