ကန့်ဘလူ၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

ကန့်ဘလူ မတ် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်မိခင်များကို ကိုယ်အလေးချိန်ချိန်ခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ဗိုက်စစ်ဆေးခြင်း၊ သန္ဓေသားအနေအထား မှန်ကန်စေရေးပြုပြင်ပေးခြင်း၊ သွေးဖောက်စစ်ဆေးခြင်း(HIV ၊ ဆစ်ဖလစ်၊ သွေးချိုဆီးချိုရှိမရှိ )၊ မတည့်သည့်ဆေး ရှိမရှိနှင့် အခြားရောဂါ ရှိမရှိတို့ကို မေးမြန်းစစ်ဆေးပြီး ထုံနာကျင်နာပျောက်ဆေး၊ ဖောလစ်အက်စစ်၊ သံဓာတ်အားဆေးတို့ကို တစ်လစာအခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို လစဥ်ဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့တွင် (၅၉) ဦးခန့် စစ်ဆေးပေးခဲ့ကြောင်း မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)