သဲကုန်းမြို့နယ်၌ ပဲကြီးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူများ စျေးကောင်းရရှိရန်မျှော်လင့်

သဲကုန်း မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်းများဖြစ် လယ်ယာစိုက်ပျိုးရေးနှင့် ဥယျာဥ်ခြံမြေများ၊ မြေလွတ်မြေရိုင်းများတွင် စားပင်သီးပင်များ၊ မီးဖိုချောင်သုံးဟင်းသီးဟင်းရွက်များကို အဓိထားစိုက်ပျိုးရောင်းချလျက်ရှိရာ မိသားစုဝင်ငွေတိုးပွားစေရန် ပဲကြီးသီးနှံများကို စိုက်ပျိုးထားရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။

ပဲကြီးသီးနှံသည် မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးဖြစ်ထွန်းနိုင်သော်လည်း နုန်းဆန်သောမြေတွင်စိုက်ပျိုးပါက ပို၍အောင်မြင်ဖြစ်ထွန်းနိုင်ပြီး၊ စိုစွတ်သောရာသီဥတုတွင် စိုက်ပျိုးရသောသီးနှံဖြစ်ရာ အပူပိုင်းဒေသများတွင်လည်း စိုက်ပျိုးနိုင်သည်။ ပဲကြီးသီးနှံကို စိုက်ပျိုးရာတွင် ဘောင်စနစ် (အစေ့ချစနစ်) ဖြင့် စိုက်ပျိုးခြင်း၊ စိုက်ခင်းဧကများတွင် စိုက်ပျိုးခြင်း၊ စင်တင်စနစ်ဖြင့် စိုက်ပျိုးခြင်း၊ ကြားသီးနှံအနေဖြင့်လည်း စိုက်ပျိုးနိုင်ပြီး အောက်တိုဘာလဆန်းတွင် စတင်စိုက်ပျိုး၍ ဖေဖော်ဝါရီလလယ်ရောက်လျှင် ခူးဆွတ်နိုင်သည်။ လယ်ကန်သင်းများ၊ ဆည်မြောင်းဘောင်များတွင် စိုက်ပျိုးကြသဖြင့် ထွန်ယက်ခ၊ လုပ်အားခသက်သာသော်လည်း သွင်းအားစုစျေးနှုန်းများ မြင့်တက်မှုကြောင့် သီးနှံပေါ်ချိန်တွင် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိရန် ဒေသခံတောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိသည်။ ယခင်နှစ်က ပဲကြီးအထွက်နှုန်းကောင်းမွန်ပြီး ပဲကြီးတစ်တင်းလျှင် ငွေကျပ် ၈၀,၀၀၀ ကျော်ရရှိကာ ဝင်ငွေတိုးပွားသဖြင့် စီးပွားရေးအဆင်ပြေကာ အကျိုးအမြတ်များစွာရှိခဲ့ကြောင်း၊ ပဲကြီးပင်ကို သစ်စိမ်းမြေသြဇာအဖြစ်လည်းကောင်း၊ တိရိစ္ဆာန်အစာအဖြစ်လည်ကောင်း အသုံးပြုနိုင်ပြီး၊ ပဲကြီးသီးနှံစားသုံးပေးခြင်းဖြင့် ပရိုတိန်းဓာတ်များ မြင့်မားစွာရရှိနိုင်ခြင်း၊ ကျန်းမာရေးအတွက် အထောက်အကူပြုသော အမျှင်ဓာတ်များကြွယ်ဝစွာပါဝင်ပြီး အစာချေဖျက်မှုအလွန်ကောင်းမွန်သည့်အတွက် ဝမ်းချုပ်ခြင်းမှလည်း ကာကွယ်ပေးနိုင်သော သီးနှံတစ်မျိုးဖြစ်သည့်အတွက် စိုက်ပျိုးသင့်ကြောင်း ပဲကြီးစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)