ရွှေတောင်မြို့နယ်တွင် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းဆောင်ရွက်

ရွှေတောင် မတ် ၅

အသက် (၂) နှစ်အောက် ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်နှင့် ကျန်းမာရေးကောင်းမွန်ပြီး ဉာဏ်ရည်ထက်မြက်စေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်က ရွှေတောင်မြို့နယ် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကလေးငယ်များ ကူးစက်ရောဂါတို့မှ ကာကွယ်ရန်နှင့် ကျန်းမာရေးအသိရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်အလေးချိန်ချိန်ပေးခြင်း၊ အသည်းရောင်အသားဝါ (ဘီ)ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်းအခြားအလိုက် ပုံမှန်ကာကွယ်ဆေးများထိုးပေးခြင်းနှင့် လိုအပ်သောကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မိခင်နှင့်ကလေးကျန်းမာရေးဌာနအနေဖြင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကို လစဥ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)