ကျောင်းကုန်း မတ် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမ၌ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုအခမ်းအနားကို မတ်လ(၃)ရက်နေ့ နေ့လယ် ၃ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြစန္ဒာညိုက နှစ်စဉ်တပေါင်းလပြည့်နေ့ကို "မြန်မာ့သနပ်ခါးနေ့"အဖြစ် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုနှင့်ပတ်သက်၍ ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လှိုင်ပို့ပို့ဇင်က သနပ်ခါးအပေါ် ချစ်မြတ်နိုးမှု၊ အသုံးပြုပုံတို့ကို ပြောကြားခဲ့ပြီး၊ မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန ဦးစီးမှူး ဒေါ်ယဉ်မင်းမြတ်ဟန်က သနပ်ခါး၏ ဆေးဖက်ဝင်ပုံအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဌာနဆိုင်ရာအမျိုးသမီးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက လက်တွေ့သနပ်ခါးသွေးကာ သနပ်ခါးလိမ်းခြယ်ခြင်း သရုပ်ပြခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)