ပန်းတောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ပန်းတောင်း မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) အချိန်က မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကလေးငယ်များအား နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်ခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက နွေရာသီအားလပ်ရက်များတွင် ကလေးသူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်နှင့် အင်္ဂလိပ်စာကို ငယ်ရွယ်စဥ်ကပင် အခြေခံကျကျ သိရှိနားလည်သဘောပေါက်ကာ လက်တွေ့အသုံးချနိုင်စေရန် ရည်ရွယ်၍ပညာဒါနပြုကာ အခမဲ့ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ကလေးသူငယ်များအား စာအုပ်များ၊ ဘောပင်များ အခမဲ့ပေးဝေခဲ့ကြသည်။

၎င်းအခြေခံအင်္ဂလိပ်စာသင်တန်းကို မတ်လ (၅) ရက်နေ့မှ (၃၁) ထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အ.ထ.က (ပန်းတောင်း) ကျောင်း၊ အ.မ.က (လွန်) ဝန်လိုကျောင်းနှင့် အ.မ.က (လွန်) ကြခတ်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား/သူ (၃၀) ဦးတက်ရောက်သင်ကြားကာ ဆရာကြီး ဦးအောင်စိုးသူမှ နေ့စဥ် နံနက် (၉) နာရီမှ (၁၁) နာရီထိလည်းကောင်း၊ နေ့လယ် (၁) နာရီမှ (၃) နာရီထိလည်းကောင်း နှစ်ပိုင်းခွဲကာ သင်ကြားပို့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)