ပေါင်းတည် မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာတွင် သီးထပ်စိုက်ပျိုးမှုအဖြစ် ကြက်သွန်နီစိုက်ပျိုးမှုကို လုပ်ကိုင်လာကြရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်။
ယခင်က ပေါင်းတည်မြို့နယ်၌ ကြက်သွန်နီစိုက်ပျိုးခြင်းကို တစ်နိုင်တစ်ပိုင်သာ စိုက်ပျိုးသူများပြားခဲ့ပြီး ယခုအခါ ကြက်သွန်နီ စျေးကောင်းလာ၍တောင်သူများသည် စီးပွားဖြစ် စိုက်ပျိုးလာကြကာ ချောင်းကမ်းပါးများအနီးရှိ စိုက်ပျိုးမြေများနှင့် သဲဆန်သောမြေများတွင် ပိုမိုစိုက်ပျိုးလာကြခြင်းဖြစ်ကြောင်း သိရသည်။
ဆောင်းသီးနှံရာသီအတွင်း သီးထပ်စိုက်ပျိုးကြရာ၌ တောင်သူများသည် ကြက်သွန်နီစိုက်ပျိုးမှုကို ယခင်နှစ်က ၁၈၅ ဧက စိုက်ပျိုးထုတ်လုပ်ခဲ့ကြပြီး ယခုနှစ်တွင်တိုးချဲ့စိုက်ပျိုးလာကြရာ ၂၄၁ ဧကအထိ စိုက်ပျိုးလာကြကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး စိုက်ပျိုးထားသော ထိုကြက်သွန်နီစိုက်ခင်းများမှာလည်း ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ရွှေသား(IPRD)