ကျောက်တံခါးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက်  ထောက်ပံ့ငွေပေးအပ်

ကျောက်တံခါး မတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်စည်ပင်သာယာခန်းမ၌ ပြုလုပ်သည်။

အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို ကျောက်တံခါးမြို့နယ်အတွင်းရှိ ကျောက်တံခါး၊ ဖဒို၊ ပဲနွယ်ကုန်းနှင့် တောကျွဲအင်းဒေသများအတွင်းသို့ နေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများထံသို့ ထောက်ပံ့ငွေများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာ ကာယကံရှင်များလက်ဝယ်အရောက် သွားရောက်ပေးအပ်ကြသည်။

ထိုသို့ထောက်ပံ့ရာ ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးလျှင် ဇန်နဝါရီလအတွက် တစ်လစာ ၂ သောင်းကျပ်နှုန်းဖြင့် ကျောက်တံခါးမြို့နယ်အတွင်းရှိ ဒေသ(၄)ခု (၂၇၀၇၃)ဦးအတွက် သက်ဆိုင်ရာကာယကံရှင်များ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)