မင်းဘူး မတ် ၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇) ရက်နေ့မှ (၂၂)ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ စာစစ်ဌာန (၃) ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၁၈၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၃) ခုဖြင့် ဖြေဆိုကျင်းပသွားမည်ဖြစ်ကာ မင်းဘူးမြို့ အ.ထ.က(၁) စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ ၆၉၄ ဦး၊ အ.ထ.က(စကု) တွင် ၃၇၇ ဦး၊ အ.ထ.က မုန်တောင်ကျောင်းတွင် ၁၁၅ ဦးဖြစ်၍ စုစုပေါင်း ၁၁၈၆ ဦး ဝင်ရောက်ဖြေဆိုသွားမှာဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၏ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ အောင်ချက်မြင့်မားရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမ၊ ဆရာမများနှင့် ကျောင်းသားမိဘများပူးပေါင်းပါဝင်ပြီး အချိန်ပိုသင်ကြားနိုင်ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပြီး၊ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုချိန် နေ့ရက်များတွင် စိတ်အေးချမ်းစွာဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် လိုအပ်သော ကျောင်းလုံခြုံရေးကိစ္စရပ်များ၊ ကျန်းမာရေးနှင့်ယာဉ်/လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)