ထားဝယ် မတ် ၅
တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းရင်းဆေးပညာဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၏ ဘေးအန္တရာယ်ကို အမျိုးသားရေးတာဝန်အဖြစ် တားဆီးကာကွယ်ရန်၊ နိုင်ငံတော်က လက်မှတ်ထိုးပါဝင်သော ကုလသမဂ္ဂကွန်ဗင်းရှင်းကို အကောင်အထည်ဖော်ရန်၊ အသိပညာပေးရေး၊ ကုသပေးရေး၊ ပြန်လည်ထူထောင် ပေးရေး ထိရောက်စွာ ဆောင်ရွက်ရန်၊ ပိုမိုထိရောက်သော ပြစ်ဒဏ်များ ချမှတ်ရန်၊ ပြည်တွင်း/ပအဖွဲ့များ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်ဖြင့် တိုက်ဖျက်နှိမ်နင်းရေးနှင့် တားဆီး ကာကွယ်ရေးကို အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်ပေးရန်၊ မူး/စိတ်နှင့်ဆက်စပ်သည့် လူမှုစီးပွားရေး ပြဿနာရပ်များအား ဖြေရှင်းရန်စသည့် ရည်ရွယ်ချက်များဖြင့်ကျင်းပခြင်းဖြစ်သည်။
သင်တန်းတွင် ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဦးခင်မောင်မြင့်က တိုင်းရင်းဆေးဝါးဥပဒေ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်အက်ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးပို့ချသည်။
သင်တန်းသို့ ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိနှင့်တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငွေဇင်ယော်(ထားဝယ်)