အထက်မင်းလှ မတ် ၅
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံတာ်မတည်ငွေနှင့် စေတနာရှင်အလှူရှင်များထည့်ဝင်ငွေဖြင့်ဆောက်လုပ်သည့် ရေနံမကျေးရွာပညာရောင်ခြည်စာကြည့်တိုက်နှင့် တောင်ဦးကျေးရွာ ပညာတံခွန်စာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီက အဆိုပါစာကြည့်တိုက်တို့တွင် ကျင်းပခဲ့သည်။
မင်းလှမြို့နယ်၌ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူမျာနှင့် ယနေ့ခေတ်ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များစာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်ကောင်းရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ဖွင့်လှစ်သည့် စာကြည့်တိုက်အဆောက်အအုံသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးစန်းအောင်၊ မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး စိုးခိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးပင်ညင်းဆိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖြန်းကာ စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ စာကြည့်တိုက်များအတွက် ပရိဘောကအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ရသစာအုပ်စာပေများလှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်ပေးသည့်စာကြည်တိုက်ကို အကျိုးရှိစွာအသုံးချရေးနှင့် စာကြည့်တိုက်များရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
မင်းလှမြို့နယ် ရေနံမကျေးရွာ စာကြည့်တိုက်အဆောက်အအုံသစ်ကို နိုင်ငံတော်မတည်ငွေကျပ်သိန်း (၁,၀၀) ပြည်သူများမှလှူဒါန်းငွေကျပ် (၁၀,၇၀၄,၀၀၀) စုစုပေါင်းငွေကျပ် (၂၀,၇၀၄,၀၀၀) သိန်းဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး၊ တောင်ဦးကျေးရွာစာကြည့်တိုက်အဆောက်အအုံသစ်ကို နိုင်ငံတော်မတည် ငွေကျပ်သိန်း(၁၀၀)၊ ပြည်သူများမှလှူဒါန်းငွေကျပ် သိန်း(၈၀) စုစုပေါင်းကျပ်သိန်း(၁၈၀)ဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစာကြည့်တိုက်ဆောက်လုပ်ရာတွင် ရေနံမကျေးရွာပညာရောင်ခြည်စာကြည့်တိုက် အလျား(၂၀)ပေ၊ အနံ(၂၅)ပေ၊ အမြင့်(၁၂)ပေ၊ တောင်ဦးကျေးရွာပညာတံခွန်စာကြည့်တိုက် အလျား(၂၀)ပေ၊ အနံ(၂၂)ပေ၊ အမြင့် (၁၂)ပေ သွပ်မိုးအုတ်ကာဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)