နတ်မောက် မတ် ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးတောင်သူများသည် မိုးသီးနှံများဖြစ်သည့် နှမ်း၊ မြေပဲ၊ နေကြာ၊ ချည်မျှင်ရှည်ဝါနှင့်ပဲစင်းငံများကို အဓိကထားစိုက်ပျိုးသည့်အပြင် မီးဖိုချောင်သုံးသီးနှံဖြစ်သည့် ခရမ်းသီးပင်များကိုလည်း စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
“ကျွန်တော်တို့ရွာရဲ့ စိုက်ပျိုးရေးတောင်သူများဟာ မိုးဦးကာလတွင်စိုက်ပျိုးကြသော သီးနှံများရိတ်သိမ်းပြီးချိန်မှစပြီးတော့ မိုးနှောင်းကာလ စိုက်ပျိုးရန်သီးနှံများအတွက် ထယ်ရေးပြုပြင်ခြင်း၊ စိုက်ပျိုးရေးဆိုင်များမှ မုံလာဥဖြူ၊ ပန်းဂေါ်ဖီ၊ ကန်စွန်း၊ နံနံ၊ မုံညင်၊ ဆလတ်ရွက်၊ တိုင်ထောင်ပဲ၊ ဖရုံ၊ ခရမ်း စသည့်တို့ကို ဝယ်ယူ၍ စိုက်ပျိုးကြပါတယ်၊ ခရမ်းစိုက်ပျိုးတော့မယ်ဆိုရင် အရင်ဆုံး မျိုးစေ့ကို ပျိုးထောင်ရပါတယ်၊ ပျိုးပင် (၄၅)ရက်သားမှာ တန်းကြား ပင်ကြား (၃)ထောင်ကွာထားပြီး စိုက်ပျိုးရပါတယ်၊ နှစ်လသား အရွယ်ရောက်ရင် အပွင့်နဲ့ သီးကင်းစသီးပါတယ်၊ ခရမ်းသီးအမျိုးအစားအနေနဲ့ အစီမ်းရောင်ဆင်စွယ်သီး၊ ခရမ်းရောင်အသီးရှိပြီး စိုက်ပျိုးသူအများစုကတော့ အစိမ်းရောင်ဆင်စွယ်သီးများကိုစိုက်ပျိုးကြကြောင်း၊ လက်ရှိတွင်စိုက်ပျိုးထားတဲ့ ခရမ်းသီးများထွက်ရှိပြီဖြစ်ရာ (၃)ရက်တစ်ကြိမ်ခူးယူ၍ ဈေးကွက်သို့တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ခရမ်းသီးတစ်ပိဿာလျှင် လက်လီဈေး (၂,၅၀၀)ကျပ်ရောင်းချရပြီး လက်ကားဈေးအနေနဲ့ (၂,၀၀၀)ရောင်းချရတဲ့အတွက် တစ်ကြိမ်ခူးယူရောင်းချရာတွင် ခရမ်းသီးဘိုးငွေ (၄၅,၀၀၀) ဝန်းကျင်ရရှိကြောင်း စိုက်ပျိုးရောင်းချသူ မသန္တစိုးကပြောသည်။
မူမူစန်း