ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးများကဏ္ဍအကြောင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော

ထားဝယ်  မတ် ၅

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်ထားဝယ်ပညာရေးဒီဂရီကောလိပ်တို့ပူးပေါင်း၍“ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်အမျိုးသမီးများကဏ္ဍအကြောင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်ပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင်‌ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါနုက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များ၊ အမျိုးသမီးများသည် ပတ်ဝန်းကျင်နှင့်နီးကပ်မှု၊ ပတ်ဝန်းကျင်ရှိ သယံဇာတများနှင့်ထိတွေ့မှု၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျေးလက်ဒေသ/မြို့ပြဒေသရှိ အမျိုးသမီးများရင်ဆိုင်ရသောအခက်အခဲများရှိမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် သယံဇာတပြုန်းတီးမှုများကြောင့် ရင်ဆိုင်ရသည့်စိန်ခေါ်မှုများ၊ အမျိုးသမီးများပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လိုက်နာဆောင်ရွက်ရန်နည်းလမ်းများအကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ၊ ပတ်ဝန်းကျင် အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များ၊ အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်ဆရာများ လက်စွဲ Level 1, 2, 3, 4, 5, Summary စာအုပ်တို့အား အမှတ်တရလက်ဆောင်ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံယူပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဝန်ထမ်းများက ဆရာ/မများ၊ သင်တန်းသား၊ သင်တန်းသူများအား အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)