ဟင်္သာတ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက မြန်မာ့ သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာအောင် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာကအခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့ကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်တိုင်းရင်းဆေးမှူး ဦးစိုးလင်းက ဆေးဖက်ဝင်သနပ်ခါးအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများ အချင်းချင်းသနပ်ခါးများ လိမ်းခြယ်ပေးခြင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် မြန်မာ့သနပ်ခါး ယဥ်ကျေးမှုဓလေ့လှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်တိုင်းရင်းဆေးမှူး၊ ကျေးလက်ဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ လူမူရေး အသင်း အဖွဲ့ဝင်များ စုစုပေါင်း ၅၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)