ကဝမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ ထုတ်လုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး

ကဝ မတ် ၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်လှစ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းဝင်းက ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်သင်ကြားပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ တက်ရောက်လာသည့် သင်တန်းသား၊ သင်တန်းသူများကို မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ သင်တန်းနည်းပြများက ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်ပုံအဆင့်ဆင့်ကို ပြုလုပ်ပြသရာ သင်တန်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သား၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ မြို့နယ်အတွင်းမှ ဝါသနာရှင်များ စုစုပေါင်း သင်တန်းသား ၂၀ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။ 

ရဲဇော်ဟိန်း (ပြန်/ဆက်)