ငါးသိုင်းချောင်း မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြို့မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အညီ မီးဘေးအန္တရာယ်ကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် မြို့အတွင်းရှိ နေအိမ်များ၊စက်ရုံအလုပ်ရုံများ၊ ဈေးများ၊ စာသင်ကျောင်းများ မီးဘေးလုံခြုံရေးအတွက် အသိပညာပေးကွင်းဆင်းလှည့်လည်ဆော်သြခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးဝင်းနိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဗူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများအား အဆင်သင့်ထားရှိရေး၊ လောင်စာဆီများ သိုလှောင်ထားခြင်းမပြုရန်၊ တပ်ဆင်ထားသည့် ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများနှင့် ပျက်စီးနေသော လျှပ်စစ်ပစ္စည်းများအား အသုံးမပြုကြရန်၊ မီးဖိုများဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်း၊ မီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်နှင့် မတော်တဆမီးလောင်မှုဖြစ်ပွားပါက ပြည်သူများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်သည့် နည်းစနစ်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့ချိန်တွင် အသက်အန္တရာယ်မထိခိုက်စေရေး ဆောင်ရွက်ရမည့်အချက်များနှင့် မီးလောင်ပါက မြို့မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်စသည်တို့ကို လှည့်လည်ဆော်သြလမ်းညွှန်မှာကြားခဲ့ကြကြောင်း သိရသည်။
ငါးသိုင်းချောင်း မြို့မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်/ကျေးရွာများတွင် နေအိမ်များ မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ၊ အသိပညာပေးဟောပြောခြင်းနှိုးဆော်ခြင်းလုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ငါးသိုင်းချောင်း (ပြန်/ဆက်)