ကျွန်းလှ မတ် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်ဆောင်ရာသီ စပါးရိတ်သိမ်းပြီး သီးထပ်အဖြစ်စိုက်ပျိုးသော နေကြာစိုက်ပျိုးထားရှိမှုကို ယနေ့နံနက်ပိုင်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
“ကျွန်းလှမြို့နယ် ဒေသတွင်းစားသုံးဆီဖူလုံဖို့အတွက် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးရာမှာ ယာမြေများမှာ သီးသန့်စိုက်ပျိုးကြသလို စပါးရိတ်သိမ်းပြီး သီးထပ်အဖြစ်လည်း စိုက်ပျိုးကြပါတယ်။ အခုအခါ နေကြာစိုက်ခင်းများမှာ ပန်းပွင့်ချိန်ရောက်ရှိပြီး ပိုးမွှားကျရောက်မှု ကင်းစင်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး တောင်သူများအား လိုအပ်သည်များ အကြံပြုဆွေးနွေးခဲ့ပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောသည်။
အဆိုပါ လယ်သီးထပ်နေကြာစိုက်ပျိုးသည့် တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးရိုးပြတ်များ ယူရီးယားနှင့် အီးအမ်အသုံးပြုပြီး ထယ်ထိုးမြေမြုတ်ခြင်း ကွင်းသရုပ်ပြခြင်း၊ ဒေသရာသီဥတုနှင့်ကိုက်ညီသော နေကြာမျိုးများဖြန့်ဖြူးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေး ကွင်းဆင်းအသိပညာပေးခဲ့သည်။
ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းရာသီ ဆီထွက်သီးနှံစိုက်ပျိုးရန် ၃၄၈၆၄ ဧကလျာထားပြီး ၃၅၂၇၂ ဧကစိုက်ပျိုးနိုင်ခဲ့ပြီး နေကြာသီးနှံ ၁၂၂၉ ဧကစိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို ကျွန်းလှ