အိမ်မဲ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အသက်(၂)လမှ (၅၉)လအထိကလေးငယ် (၁၅၁၆၈)ဦးအား ပိုလီယိုကာကွယ်ဆေးများကို ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှစတင်၍ တိုက်ကျွေးလျက်ရှိရာ ယမန်နေ့ညနေပိုင်းအထိ ရာနှုန်းပြည့်တိုက်ကျွေးပြီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးကျော်အောင်ကဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများမှပူးပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ယမန်နေ့တွင် အိမ်မဲကြီးရပ်ကွက်၊ စာချွန်ခံရပ်ကွက်၊ လယ်ပေါ်ရပ်ကွက်တို့မှ အသက်(၂)နှစ်မှ (၅၉)လအထိ ကလေးငယ် (၆၈ )ဦးအား ဆက်လက်တိုက်ကျွေးခဲ့ကြောင်း သိရသည်။
“အိမ်မဲမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာအုပ်စု (၁၀၂)အုပ်စု၊ ကျေးရွာခွဲ (၅၀၅)ရွာမှာ အသက် (၂)လမှ (၅၉)လအထိ ကလေးငယ်အကျုံးဝင်တဲ့ဦးရေ (၁၅၁၆၈)ဦးရှိပြီး ပိုလီယိုကာကွယ်ဆေးများကို ဆေးတိုက်စုရပ် (၈၁)ခုပြုလုပ်ကာ ဖေဖော်ဝါရီလ (၂၆)ရက်နေ့မှ စတင်ပြီး တိုက်ကျွေးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီပိုလီယိုရောဂါအစက်ချကာကွယ်ဆေးများကို ဖေဖော်ဝါရီလနဲ့ မတ်လ (၂)ကြိမ်တိုက်ကျွေးသွားမှာပါလို့ “မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးကျော်အောင် ပြောကြားချက်အရသိရသည်။
ချစ်သက်လယ်(ပြန်/ဆက်)