စစ်ကိုင်းစက်မှုဇုန်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသ

စစ်ကိုင်း မတ် ၄

စစ်ကိုင်းခရိုင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မီးသတ်ဦးစီးမှူးများ ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့၊ မွန်းလွဲပိုင်းက စစ်ကိုင်းစက်မှုဇုန်သို့ သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ခရိုင်/ မြို့နယ်မီးသတ်ဦးစီးမှူးများ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက စစ်ကိုင်းစက်မှုဇုန်ရှိ လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ မိမိတို့စက်ရုံ၊ အလုပ်ရုံများ အနီးဝန်းကျင်နေရာများတွင် လောင်စာအမှိုက်များ ရှင်းလင်းထားရှိရန်၊ လျှပ်စစ်ဝါယာကြိုးများ အမြဲစစ်ဆေးပြီး ဟောင်းနွမ်းနေသော လျှပ်စစ်ဝါယာကြိုးများ အသုံးမပြုကြရန်၊ စက်သုံးဆီများ သိုလှောင်ထားရှိခြင်း မပြုလုပ်ကြရန်၊ လုံလောက်သော မီးသတ်ဆေးဘူးများ နေရာအလိုက်ထားရှိကြရန်နှင့် မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းများကို ရှင်လင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်နည်းအဆင့် ဆင့်တို့ကို ပြသပေးပြီး လုပ်ငန်းရှင်များနှင့် စက်ရုံ၊ အလုပ်ရုံဝန်ထမ်းများက လက်တွေ့မီးငြိမ်းသတ်ခြင်းကို အလှည့်ကျပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်မြင့်နိုင် (ပြန်/ဆက်)