သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မြန်မာ့ရိုးရာသနပ်ခါးအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ

သာပေါင်း မတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မြန်မာ့ရိုးရာသနပ်ခါးအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲမှ မြန်မာ့သနပ်ခါးကို အမြတ်တနိုး တန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက မြန်မာ့သနပ်ခါးနေ့ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်က မြန်မာ့ရိုးရာသနပ်ခါး သမိုင်းကြောင်း၊ မြန်မာ့ရိုးရာသနပ်ခါးဖြင့် ဘုရားရှင်အား ပူဇော်မှု၊ အဓိပ္ပါယ်၊ မြန်မာအမျိုးသမီးများ အသုံးပြုမှုများနှင့် ယခုလိုအကျိုးကျေးဇူးများစွာရှိသည့် မြန်မာ့ရိုးရာသနပ်ခါးကို မြန်မာလူမျိုးတို့၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းလက်ဆင့်ကမ်းလာခဲ့ကြသည်မှာ ယခုထက်တိုင်ပဲဖြစ်ပြီး မြန်မာတစ်မျိုးသားလုံးအနေဖြင့် မြန်မာ့ရိုးရာသနပ်ခါးကို မြတ်မြတ်နိုးနိုး တန်ဖိုးထားလျက် ပျောက်ကွယ်မသွားစေရေး ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ကြဖို့လိုအပ်ပါ‌ကြောင်း စသည်ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသူများက သနပ်ခါးများလိမ်းချယ်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ မြန်မာ့ရိုးရာသနပ်ခါးနှင့်ပတ်သက်သည့် အကြောင်းအရာများအား စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး(ပြန်/ဆက်)