လိပ်သို မတ် ၄
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများ၊ တောင်ယာများနှင့် လယ်ယာများတွင် မိသားစု အထောက်အကူပြုစေရန်အတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။
ဒေသခံများမှာ ခရမ်းချဉ်သီးများကို အချိုသီးနှင့် အချဉ်သီးနှစ်မျိုး စိုက်ပျိုးထားကြကြောင်း၊ ခရမ်းချဉ်သီးများကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မိုးဦးရာသီတွင် စိုက်ပျိုးပါက မိုးရွာသွန်းမှုများလျှင် အသီးတင်နှုန်းနည်းပြီး မိုးနှောင်းကာလတွင် စိုက်ပျိုးပါက အသီးတင်နှုန်း ပိုမိုကောင်းမွန်ကာ စိုက်ပျိုးပြီး (၂) လခွဲခန့်တွင် စတင်ဆွတ်ခူးနိုင်ကြောင်း၊ သဘာဝမြေဩဇာကိုသာ အသုံးပြု၍ စိုက်ပျိုးထားသဖြင့် ဘေးကင်းလတ်ဆတ်စွာ စားသုံးနိုင်ကြောင်း ခရမ်းချဉ်ပင် စိုက်ပျိုးထားသူ တစ်ဦးထံမှ သိရသည်။
ခရမ်းချဉ်ပင်များကို မိသားစုစားသုံးရန်အတွက်သာ စိုက်ပျိုးထားကြပြီး စီးပွားဖြစ် စိုက်ပျိုးသူနည်းပါးကြောင်း၊ ဒေသခံများမှာ ခရမ်းချဉ်ပင်များအပြင် မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်အတွက် မုန်ညင်း၊ ဆလပ်၊ ခရမ်းသီး၊ ဘူးသီး၊ ရွှေဖရုံ၊ ကျောက်ဖရုံ၊ သခွား စသည့် စားဖိုဆောင်သီးနှံမျိုးစုံကို စိုက်ပျိုးထားကြကြောင်း သိရသည်။
ခင်လေးနွယ်