မကွေး မတ် ၄
မကွေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးရှိ ပါမောက္ခ ဦးလှအောင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဥပဒေချုပ်ရုံးမှ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေက အမှာစကားပြောကြားရာတွင် မီးဘေးအန္တရာယ်လုံခြုံရေးဆိုင်ရာနှင့် မီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို နည်းစနစ်မှန်ကန်စွာဖြင့် လက်တွေ့အသုံးပြုဆောင်ရွက်တတ်စေရန် ယခုလို ပြုလုပ်ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က မီးဘေးအန္တရာယ်လုံခြုံရေးဆောင်ရွက်ရန် အချက်အလက်များ၊ လျှပ်စစ်ကြောင့် မီးလောင်မှုဖြစ်စေသော အကြောင်းအရင်းများ၊ မီးငြှိမ်းသတ်ရေးနည်းလမ်းများ၊ မီးလောင်မှုအမျိုးအစားအလိုက် နှိုင်းယှဉ်ချက်များ အစရှိသည်တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားရာ တက်ရောက်လာသော တိုင်းဒေသကြီးနှင့် ခရိုင်ဥပဒေရုံးမှ ဝန်ထမ်းများက မီးဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ဆက်လက်၍ မကွေးခရိုင်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဒေါ်သန္တာသိမ့်က မီးငြှိမ်းသတ်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးနှင့် ခရိုင်ဥပဒေရုံးမှ ဝန်ထမ်းများအား မီးငြှိမ်းသတ်ရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် မီးငြှိမ်းသတ်နိုင်စေရန်အတွက် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ခြင်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)