စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၅)အစည်းအဝေး တက်ရောက်

မုံရွာ မတ် ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၂/၂၀၂၅)အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဟိုတယ်/တည်းခိုရိပ်သာ လုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့အချိန်ကာလသည် အခြေခံပညာကျောင်းများ နှစ်ဆုံးအတန်းစဉ် ကူးပြောင်းရေးစာမေးပွဲဖြေဆိုရန် ပြင်ဆင်နေချိန်ဖြစ်ပါကြောင်း၊ ဖြေဆိုပြီးပါက နွေရာသီ ရက်ရှည်ကျောင်းပိတ်သည့်အခါ မြန်မာများ၏ဓလေ့အရ မိသားစုလိုက် ခရီးသွားလာခြင်းအား ပိုမိုပြုလုပ်ကြမည်ဖြစ်ပါကြောင်း၊ ဘုရားဖူးခရီးသွားခြင်း၊ အပန်းဖြေခရီးထွက်ခြင်း၊ ဇာတိရပ်ထံအလည်အပတ်သွားခြင်းတို့ရှိသည့်အတွက် ဟိုတယ်၊ တည်းခိုရိပ်သာများတွင် ဧည့်သည်များပိုမို များပြားလာမည်ဖြစ်ပါကြောင်း၊ မိမိတို့လုပ်ငန်းရှင်များဘက်မှလည်း တည်းခိုသူများပေးရသည့် ငွေနှင့်တန်အောင် ဧည့်သည်များ စိတ်ကျေနပ်အောင် ဝန်ဆောင်မှုကောင်းများပေးရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်သူများသည် ယဉ်ကျေးမှုနှင့်ဘာသာ၊ သာသနာအား အခြေခံသည့် ဘုရားဖူးခရီးသွားအများစုဖြစ်သည့်အတွက် ဘုရားကျောင်းကန်စေတီပုထိုးများ ပြုပြင်ခြင်း၊ သန်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ထားကြရန် လိုအပ်ပါကြောင်း၊ တိုင်းဒေသကြီး၏ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် ခရီးသွားလုပ်ငန်းတာဝန်ရှိသူများနှင့်ဒေသခံများ စုပေါင်းညှိနှိုင်းဆောင်ရွက်ပြီး ခရီးသွားဧည့်သည် အများစုကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကိုလည်း သိရှိရန်လိုအပ်ပါကြောင်း၊ ဒါမှသာဆက်စပ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ အချိန်နှင့် တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးခင်မောင်အေးက ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်စိန်က ခရီးသွားလုပ်ငန်းကော်မတီ ၁/၂၀၂၅ ၏အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်ဆဲ အခြေအနေများ၊ ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုပေးရမည့်ကိစ္စရပ်များနှင့် တိုင်းဒေသကြီးအတွင်း ခရီးသွားဝင်ရောက်မှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ဆက်လက်၍အစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များနှင့် ဟိုတယ်/တည်းခိုရိပ်သာလုပ်ငန်းရှင်များက တိုင်းဒေသကြီးအတွင်း ဒေသဆိုင်ရာခရီး သွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ခရီးသွားဝင်ရောက်မှု၊ ခရီးသွားဒေသများ ပတ်ဝန်းကျင် များတွင်သန့်ရှင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ဟိုတယ်/တည်းခိုရိပ်သာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သွားမည့် အခြေအနေများ၊ လုံခြုံရေးအခြေအနေများနှင့်ပတ်သက်၍ အသီးသီးအကြံပြု ဆွေးနွေးတင်ပြကြသည်။

ထို့နောက်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ကအစည်းအဝေးသို့ တက်ရောက်လာသူများ၏အကြံပြုဆွေးနွေး တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်စကား ပြောကြားကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)