ဘားအံ မတ် ၄
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ အခြေခံပညာမူလတန်းအဆင့် ပဥ္စမတန်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းအဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ကျောင်းသား၊ကျောင်းသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် စိတ်အေးချမ်းသာစွာစာမေးပွဲဖြေဆိုနိုင်ရေး အလေးထားဆောင်ရွက်ပေးကြရန်မှာကြားပြီး အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများအတွက် အထွေထွေအသုံးစရိတ် ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီက ဇွဲကပင်တောင်ခရီးစဉ် ဒေသစီမံခန့်ခွဲမှုကော်မတီသို့ အမှိုက်ပုံးများလွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပစေရေး၊ ခရီးသွားလုပ်ငန်းတစ်နှစ်ထက်တစ်နှစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များပိုမိုဝင်ရောက်လာစေရေးအတွက် ကော်မတီအဖွဲ့ဝင်များနှင့်ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များက လိုအပ်သည်များပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဇွဲကပင်တောင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီသို့ အမှိုက်ပုံးများကို လွှဲပြောင်းပေးအပ်ရာ ဘားအံခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ယနေ့လွှဲပြောင်းပေးအပ်သည့်အမှိုက်ပုံး(၂၀)ပုံးကို ဇွဲကပင်တောင်ပေါ်တွင် (၆)ပုံး၊ ကျန်ရှိသည့် (၁၄)ပုံးကို တောင်တက်လမ်းတစ်ဖက်စီတွင် ခရီးသွားများနားနေရာ နေရာများတွင် (၇)ပုံးစီ ထားရှိသွားမည်ဖြစ်ပြီး ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီအနေဖြင့် ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့မှ ယနေ့အထိ ပြည်နယ်၏ ခရီးစဉ်ဒေသများတွင် အမှိုက်အိတ် ၁၃ လုံး၊ အမှိုက်ပုံးကြီး ၄၉ ပုံးနှင့် အမှိုက်ပုံး ၁၀ ပုံးတို့ကို လွှဲပြောင်းပေးအပ်ထားပြီး ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ လှိုင်းပုံရွာ၊ လမင်းပရိယတ္တိစာသင်တိုက်ဆရာတော်ဘဒ္ဒန္တကေသရိန္ဒ၏ (၆၀)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)